ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိသော မြောင်းမြမြို့နယ်
ဘုရားချောင်း တိုးချဲ့ရပ်ကွက်အပိုင် ဘုရားချောင်း (C,D) ရပ်ကွက်တွင်း
တစ်နေရာအား မေ ၂၉ ရက်က တွေ့ရစဉ်
မြောင်းမြမြို့နယ် ဘုရားချောင်း တိုးချဲ့ရပ်ကွက်အပိုင် ဘုရားချောင်း
(C,D) ရပ်ကွက်နှင့် ကျွန်းကြားလေး ကျေးရွာများတွင် ၀မ်းပျက်ဝမ်းလျှောရောဂါ
ဖြစ်ပွားလျက်ရှိပြီး ၀မ်းရောဂါဖြင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း
သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ အထက်ပါ ကျေးရွာများတွင် မေ ၂၅ ရက်မှ စတင်ပြီး
ဝမ်းရောဂါများ စတင်ဖြစ်ပွားလာခဲ့ကာ ဖြစ်ပွားသည့်နေ့တွင်ပင် ဘုရားချောင်း
(C,D) ရပ်ကွက်နေ ကိုမောင်ဇော် (ခ) ကိုဂွတို အသက် (၃၀) ၀န်းကျင်
အသက်ဆုံးပါးခဲ့ကြောင်း၊ အနီးနား ကျေးရွာဖြစ်သော ကျွန်းကြားလေး
ကျေးရွာတွင်လည်း အဆိုပါနေ့တွင် ၀မ်းရောဂါကြောင့် လူနှစ်ဦး
မြောင်းမြပြည်သူ့ ဆေးရုံကြီးကို တင်ပို့ခဲ့ရကြောင်း၊ မတ် ၂၈ ရက်တွင်
မြောင်းမြပြည်သူ့ ဆေးရုံကြီးမှ ခရိုင်ဆေးရုံအုပ်ကြီးနှင့် အဖွဲ့မှ
လာရောက်ပြီး ၀မ်းရောဂါ ဖြစ်ပွားနေသူများအား ပြည်သူ့ဆေးရုံကြီးကို
လာရောက်ခေါ်ဆောင်ကာ ရပ်ကွက်အတွင်း ၀မ်းရောဂါများ ဆက်လက်မဖြစ်ပွားစေရန်
ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် ရောဂါများဖြစ်ပွား လာပါကလည်း
ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ရန်၊ လာရောက် အသိပညာများ ပေးဝေခဲ့ကြောင်း၊
ယနေ့အချိန်ထိ (မေ ၂၉ ရက်) ပြည်သူ့ဆေးရုံကြီးတွင် ၀မ်းရောဂါဖြင့် တက်ရောက်
ကုသနေရသူ ခြောက်ဦးရှိကြောင်း သိရသည်။
"ကျွန်မတို့ဆီကို မနေ့က ခရိုင်ဆရာဝန်ကြီး လာပြီး ဒီမှာရောဂါ ဖြစ်နေတဲ့
သူတွေကို ဆေးရုံကို ခေါ်သွားတယ်။ ပိုက်ဆံမရှိလို့ ဆေးရုံမသွားရဲတဲ့ သူတွေကို
အကုန်ခေါ်သွားပြီး အခမဲ့ ကုပေးမယ် ပြောတယ်။ ပြီးတော့ ရေကိုကျိုချက်ပြီး
သောက်ဖို့ပြောသွားတယ်။ မြောင်းတွေထဲကို ဆေးဖျန်းဖို့ကတော့
အကျယ်အ၀န်းကကြီးလို့ မဖြစ်နိုင်ဘူးတဲ့။ ဒီမှာ ၀မ်းရောဂါဖြစ်တဲ့ ကောင်လေးဆို
မနက်ပိုင်းမှာ ၀မ်းသွားပြီး လက်တွေက ရေနူးသလို ပဲကြီးတွေ တွန့်လာပြီး
ဆေးရုံတင်တာ လမ်းမှာဆုံးတာပဲ။ တစ်မိသားစုလုံး အချင်းချင်းကူးပြီး
ဝမ်းပျက်လို့ ဆေးရုံတင်ထားရတယ်" ဟု ဘုရားချောင်း (C,D) ရပ်ကွက်နေ ဒေါ်ပြုံးက
ပြောကြားခဲ့သည်။
အထက်ပါ သတင်းအကြောင်းအရာနှင့် ပတ်သက်ပြီး မြောင်းမြခရိုင်
ဆေးရုံအုပ်ကြီးထံ တွေ့ဆုံမေးမြန်းရန် သွားရောက်ခဲ့ရာ လုပ်ငန်းများ
မအားလပ်သောကြောင့် ဟုဆိုကာ တွေ့ဆုံမေးမြန်းရန် ငြင်းဆန်ခဲ့သည်။