မလေးရှားနိုင်ငံရှိ
လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်း ခံနေရသူ
မြန်မာနိုင်ငံသားများ အနက် ၁၇၃ ဦးသည် ဧရာဝတီ ဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့်
ဇွန် ၂၉ ရက်(ယနေ့)တွင် MAI စင်းလုံးငှား လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့
ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။''ဇွန် ၂၉ ရက် ည ၈ နာရီအချိန်မှာ ရောက်ပါမယ်။ ၁၇၃ ဦး ပါမယ်'' ဟု
မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ဧရာဝတီ ဖောင်ဒေးရှင်း၏ နိုင်ငံတကာ
ဆက်ဆံရေး တာဝန်ခံ ကိုအောင်မျိုးစောက The Daily Eleven သို့ ပြောကြားသည်။
မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့ပြီး လူဝင်မှု ကြီးကြပ်ရေး ဥပဒေများ အပါအ၀င် အခြား အကြောင်းအရာများဖြင့် ထောင်ဒဏ်ကျခံခဲ့ရပြီး ထိန်းသိမ်းရေး စခန်းသို့ ရောက်ရှိကာ မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲ ရှိနေသူများကို ဧရာဝတီ ဖောင်ဒေးရှင်း၊ MAI လေကြောင်းလိုင်းနှင့် ကွာလာလမ်ပူရှိ မြန်မာသံရုံးတို့ ပူးပေါင်းဆောင်ရွက်ပြီး အခမဲ့ ပြန်လည်ပို့ဆောင်ပေးခြင်း ဖြစ်သည်။
မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာန၏ လုပ်ထုံးလုပ်နည်းအရ ထိန်းသိမ်းရေး စခန်းများမှ ပြန်လိုသူများကို စနေနေ့တွင်သာ ပြန်လည် ပို့ဆောင်ခြင်း ဖြစ်ပါသည်။ ထိုသို့ ပို့ဆောင်ရာတွင် ထိန်းသိမ်းရေး စခန်းများမှ လေဆိပ်သို့ ပို့ဆောင်ခြင်းကို မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာနက တာဝန်ယူပြီး လေယာဉ်ပေါ်သို့ တိုက်ရိုက်ပို့ဆောင်သည့် အချိန်အထိ လက်ထိပ်ခတ် ခေါ်ဆောင်မည် ဖြစ်သည်။
ထိန်းသိမ်းရေး စခန်းသို့ ရောက်ရှိနေသူများသည် မလေးရှားနိုင်ငံသို့ တရားမ၀င် ၀င်ရောက်ပြီး နယ်စပ်၌ပင် အဖမ်းခံခဲ့ရသူများ၊ အော်ပရာစီဖြင့် အဖမ်းခံခဲ့ရသူများဖြစ်ကာ မလေးရှား လူဝင်မှု ကြီးကြပ်ရေး ဥပဒေများအရ ထောင်ဒဏ် အသီးသီး ကျခံခဲ့ပြီးသူများ ဖြစ်ကြကြောင်းလည်း သိရပါသည်။
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများမှ မြန်မာနိုင်ငံသို့ မိမိအစီအစဉ်ဖြင့် ပြန်လာမည့် သူများကို ဇွန် ၂၂ ရက်က ကွာလာလမ်ပူ လေဆိပ်၌ တွေ့ရစဉ် (ဓာတ်ပုံ -နေထွန်းနိုင်)
အေးချမ်းမွန် Credit To > Eleven Media Group