အစိုးရနှင့် DKBA တို့အကြား စစ်ပွဲများ တစ်ကျော့ပြန် ပြန်လည်
မဖြစ်ပွားစေရန် နှစ်ဖက် စောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းသင့်ကြောင်း DKBA
စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ်က တောင်းဆိုလိုက်သည်။
ယင်းအဖွဲ့ ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ထံ စာများပို့ရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း DKBA တပ်သို့ သွားရောက်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးစိုးမိုးထွန်းက The Voice သို့ပြောကြားသည်။
အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးစဉ်က သဘောတူထားသည့် အချက်များကို အစိုးရဘက်က လေးစား လိုက်နာရန်လည်း ယင်းစာတွင် ထည့်သွင်း တောင်းဆိုထားကြောင်း DKBA က ဦးဆောင် ပြုလုပ်သည့် ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ ဆွေးနွေးပွဲတွင် ဖွဲ့စည်းထားသော အလုပ် အမှုဆောင် အဖွဲ့ဝင် ၁၇ ဦးအနက် တစ်ဦးဖြစ်သူ ရှမ်းတပ်ပေါင်းစုဌာန ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ဖြည့်စွက် ပြောကြားသည်။
၂၀၁၁ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားသည့် DKBA စစ်အခြေစိုက် စခန်းတစ်ခုကို အစိုးရတပ်နှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်း တိုက်ခိုက်သဖြင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း တစ်ကြိမ်၊ မြိုင်ကြီးငူ ဒေသတွင် ၂၀၁၃ ခုနှစ် ဧပြီလ၌ နယ်ခြား စောင့်တပ်နှင့် တစ်ကြိမ် တစ်ကျော့ပြန် စစ်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ဖူးသည်။
ပဋိပက္ခ နယ်မြေများတွင် နှစ်ဖက် စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းရန် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ (ရှမ်းပြည်တပ်မတော်)နှင့် ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တို့နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီက သဘောတူထားသည်။
The Voice WeeklySee More