ဓမ္မတာဆန့်ကျင် လိင်ဆက်ဆံခြင်းကို တားမြစ်ထားသော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇
ကို လွှတ်တော်က ပယ်ဖျက်ပေးရန် မြန်မာနိုင်ငံရှိ မြို့နယ် ၁၃ မြို့နယ်မှ
လိင်တူချစ်သူများက တောင်းဆိုကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက The Voice သို့ ပြောကြားသည်။
ယင်းဓမ္မတာဆန့်ကျင် လိင်ဆက်ဆံခြင်းမှာ အနောက်တိုင်းယဉ်ကျေးမှုမှ ကူးစက်လာခြင်းဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့်အပြင် ရောဂါဘယ ထူပြောနိုင်သဖြင့် ယင်းဥပဒေကို မပယ်ဖျက်ပေးသင့်ကြောင်း အထက်တန်းရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း) က မှတ်ချက်ပြုသည်။
"ဒါတွေက ပုဂ္ဂလိက အခွင့်အရေးတွေပါ" ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
ယင်းဥပဒေကြောင့် ရဲဝန်ထမ်းများက လိင်တူချစ်သူများကို ဖမ်းဆီးခြင်း၊ ဖမ်းဆီးထားစဉ် ပြက်ရယ်ပြုခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပြုခြင်းတို့ ရှိကြောင်း ၄င်းကပြောသည်။
မျိုးရိုးဗီဇ မှားယွင်းမှုကြောင့်ဖြစ်စေ၊ ကျားဟိုမုန်းနှင့် မဟိုမုန်းဓာတ် နှစ်မျိုးအနက် မဟိုမုန်းများခြင်းကြောင့် ဖြစ်စေ၊ အမျိုးသမီးအများစုနှင့် နေထိုင်ဆက်ဆံရသော ပတ်ဝန်းကျင်ကြောင့် ဖြစ်စေ အမျိုးသားသည် လိင်တူချင်း စုံမက်တတ်ကြောင်း ဆရာဝန်တစ်ဦးက ပြောကြားသည်။
ယင်းဥပဒေကို ဗြိတိသျှ ကိုလိုနီခေတ်ဦးတွင် ဗြိတိသျှအစိုးရ၏ လက်အောက်ခံနိုင်ငံများ ဖြစ်သော သီရိလင်္ကာ၊ စင်ကာပူ၊ အိန္ဒိယနှင့် မလေးရှားနိုင်ငံတို့တွင် ပြဋ္ဌာန်းထားခြင်း ဖြစ်ပြီး အိန္ဒိယနိုင်ငံ တွင်မူ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဆန့်ကျင်သဖြင့် ပယ်ဖျက်ပေးထားသော်လည်း ကျန်နိုင်ငံများတွင် ဆက်လက် ကျင့်သုံးလျက်ရှိသည်။
ယင်းပုဒ်မ ၃၇၇ အရ အမျိုးသားနှင့် တိရစ္ဆာန် လိင်ဆက်ဆံခြင်း၊ အမျိုးသမီးနှင့် တိရစ္ဆာန် လိင်ဆက်ဆံခြင်း၊ ဓမ္မတာ ဆန့်ကျင်သော ကျင်ကြီးပေါက်၊ ပါးစပ်ပေါက်တို့ဖြင့် လိင်ဆက်ဆံခြင်းတို့ကို ပြုလုပ်ပါက တစ်သက်တစ်ကျွန်း ပြစ်ဒဏ် သို့မဟုက် ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ငွေဒဏ်တို့ကို ချမှတ်နိုင်ကြောင်း အထက်တန်းရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း) က ပြောကြားသည်။
The Voice Weekly