စက်လှေကား ပါဝင်သည့် လူကူးခုံးကျော်တံတား သုံးစင်းကို ရန်ကုန်မြို့တော်
၌ ဆီးဂိမ်းစ်ပြိုင်ပွဲအမီ တည်ဆောက်သွားရန် စီစဉ်လျက်ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။အဆိုပါ လူကူးခုံးကျော်တံတား သုံးစင်းကို ဒလ-ပန်းဆိုးတန်းမှ ဆူးလေဘက်သို့ လာသည့်နေရာအနီး တစ်စင်း၊ ကမ္ဘာအေးဘုရားလမ်း ကမ္ဘာအေး
ဘုရားနှင့် ဂမုန်းပွင့် ကုန်တိုက်အနီး တစ်စင်း၊ လမ်းမတော် စဥ့်အိုးတန်းအနီး တစ်စင်း တည်ဆောက်ရန်
လျာထားသည်ဟု သိရသည်။
အဆိုပါ တံတားများ တည်ဆောက်ရန်အတွက် လုပ်ငန်းစတင်ချိန်ကို
မပြောနိုင်သော်လည်း ဆီးဂိမ်းစ်အမီ တည်ဆောက်မည် ဖြစ်ကြောင်း၊ ယခုအခါ
မြေသားစမ်းသပ်မှုအချို့ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
''ဆောက်ဖို့စီစဉ်ထားတဲ့ လူကူးခုံးကျော် တံတားတွေက လူတွေသက်သောင့် သက်သာ
အတက်အဆင်း လုပ်နိုင်အောင် စက်လှေကား ပါမှာဖြစ်ပါတယ်။ အိမ်နီးချင်း
နိုင်ငံတွေမှာ လိုပဲပေါ့။ ဘာပဲဖြစ်ဖြစ် ဆီးဂိမ်းစ်ပြိုင်ပွဲလုပ်ရင်
နိုင်ငံခြားက ဧည့်သည်တွေလည်း လာတဲ့အခါ ဒါမျိုးတွေက လိုအပ်လာမှာ
မို့လို့ပါ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ
တစ်ဦးက ပြောကြားခဲ့သည်။
ဆီးဂိမ်းစ်ပြိုင်ပွဲကို ယခုနှစ်
ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည် ဖြစ်ပြီး
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့်
ငွေဆောင်တို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် ဆီးဂိမ်းစ်
အမီ လူကူးခုံးကျော် တံတားများ တည်ဆောက်ခြင်းအပြင် လမ်းသားချဲ့
ထွင်မှု အချို့ကိုလည်း ပြုလုပ်လျက် ရှိသည်ဟု သိရသည်။
ရန်ကုန်မြို့တော်တွင် ယာဉ်သွားလမ်းအဖြစ် အသုံးပြုသည့် ခုံးကျော်တံတား
သုံးစင်းကိုလည်း တည်ဆောက်ခဲ့ရာ လှည်းတန်းခုံးကျော် တံတားမှာ ပြီးစီး၍
အသုံးပြုနေပြီ ဖြစ်သော်လည်း ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား
မှာမူ လက်ရှိတည်ဆောက် နေဆဲပင်ဖြစ်ပြီး ရွှေဂုံတိုင်ခုံးကျော် တံတားမှာမူ
တည်ဆောက်မှု အပိုင်းတွင် ကြန့်ကြာမှုများ ရှိနေပြီး ယာဉ်ကြောပိတ်ဆို့
မှုများလည်း ဖြစ်ပွားနေသည်ဟု သိရသည်။
eleven media group