ဧရာဝတီမြစ်
ရေလက်ကြား(ထုံး) အနီးရှိ ဟင်္သာတမြို့ ကျက်သရေဆောင် ဦးပါရဲဘုရား
ကမ်းပါးပြိုကျ နိမ့်ဆင်းမှုများ ထပ်မံ မဖြစ်ပေါ်စေရန် ကာကွယ် ဆောင်ရွက်မှု
စိတ်ချနိုင်ဖွယ် အခြေအနေ ရှိနေပြီ ဖြစ်ကြောင်း ဟင်္သာတခရိုင် ဆည်မြောင်း
ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
ကမ်းပါးထိန်းသိမ်းမှုများ စတင်လုပ်ဆောင်ခဲ့ရာ ဘုရားဘေး ကမ်းပါးနေရာတွင်
မှန်ကူကွက်ပုံ နုန်းဖမ်းတန်း၊ မြစ်ကြောင်း အထက်ဘက်ရှိ ရွှေစေတီဘုရား
အနီးတွင် ရေလွှဲတန်း သုံးခုနှင့် မြစ်ကြောင်း အောက်ဘက်ရှိ မြို့သူကြီး
ဘုရားအနီးတွင် ကန့်လန့်ဖြတ် နုန်းဖမ်းတန်းတို့ကို ပြုလုပ်ခဲ့ရာ
နုန်းပို့ချမှု အားကောင်းပြီး လေးပေခန့်အထိ နုန်းတင်နိုင်ခဲ့ကြောင်း၊
ထို့ကြောင့် ရေလွှဲတန်း၊ နုန်းဖမ်းတန်းများ ပြင်ဆင်ဆောင်ရွက်ခြင်း၊
မြို့သူကြီးဘုရား အထက်ဘက်တွင် ကန့်လန့်ဖြတ် နုန်းဖမ်းတန်းတစ်ခု
ထပ်မံပြုလုပ်ခြင်းတို့ကို လုပ်ဆောင် ထားသဖြင့် ယခင်ကကဲ့သို့
ကမ်းပါးနိမ့်ဆင်းမှုများ ဖြစ်ပေါ်လာမည်ကို မစိုးရိမ်ရဘဲ စိတ်ချရသည့်
အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဟင်္သာတခရိုင် ဆည်မြောင်းမှ EE
ဦးဝေလွင်က ပြောကြားသည်။
ဦးပါရဲဘုရား ကမ်းပါးနေရာသည် ပေ ၄၀၀၊ ၅၀၀
ခန့်အထိ တိုင်းတာမှုများအရ မြေသားမကောင်းမှုကို တွေ့ရှိရကြောင်း၊
ကုန်ကျစရိတ် သက်သာသော ရေလွှဲတန်း၊ နုန်းဖမ်းတန်းများဖြင့်
ကမ်းပါးထိန်းသိမ်းခြင်း လုပ်ငန်းကို လုပ်ဆောင်ခဲ့ရာ ခန့်မှန်း
ထားသည့်အတိုင်း အောင်မြင်မှု ရှိခဲ့ကြောင်း၊ အနည်းဆုံး ၄၊ ၅ နှစ်ခန့်
ဆောင်ရွက်ပြီးပါက ၇ ပေ၊ ၈ ပေခန့် အထိ နုန်းပို့ချမှု သိသိသာသာ
အားကောင်းလာမည် ဖြစ်ကာ ကမ်းပြို၊ ကမ်းပါးနိမ့်ဆင်းမှုများ မဖြစ်နိုင်ရန်
သဲနုန်းဖြင့် ထိန်းနိုင်မည် ဖြစ်ကြောင်း၊ ၁၄၊ ၁၅ ခန့် ကြာလျှင် ဦးပါရဲ
ဘုရားဘေးရှိ ရေလက်ကြား (ထုံး) နေရာသည် ကျွန်းမြေနှင့် တစ်သားတည်း
ဖြစ်သွားမည်ဖြစ်ကာ ကမ်းပြိုမှုများ ရှိနိုင်တော့မည် မဟုတ်ကြောင်း
ဆက်လက်ပြောကြားသည်။
EMG
ဦးပါရဲဘုရားကမ်းပါး နေရာကို တွေ့ရစဉ်
