ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် များပါဝင်သော ထားဝယ် စီမံကိန်း
ရှေ့ဆက် နိုင်ရေး အတွက် လုပ်ငန်းအလိုက် တင်ဒါ အသီးသီး ခေါ်ယူမည် ဖြစ်ကြောင်း
ထားဝယ် စီးပွားရေးဇုန် လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ သူရဦးသောင်းလွင်က The Voice
သို့ ပြောကြားသည်။
မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်းလုပ်ကိုင်သော
စီမံကိန်းအဖြစ် အသွင်ပြောင်း ပြီးနောက် စီမံကိန်းကို ကဏ္ဍအလိုက် ဖော်ဆောင်မည်
ဖြစ်ပြီး လမ်းဖောက်ခြင်း၊ လျှပ်စစ်မီး သွယ်တန်းခြင်း စသည့် လုပ်ငန်းကဏ္ဍ
အလိုက် အခြားသော နိုင်ငံခြားရင်းနှီး မြှုပ်နှံသည့် ကုမ္ပဏီများကို
ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထားဝယ် စီမံကိန်း ဆက်လက်
လုပ်ကိုင်ရန် သေချာသော ဘဏ္ဍာရေး အရင်းအမြစ် မရရှိသေးချိန်တွင် သူရ
ဦးသောင်းလွင် က ယင်းသို့ ထုတ်ဖော်ပြောဆို လိုက်ခြင်းဖြစ် ပြီး
မည်သည့်အချိန်တွင် တင်ဒါခေါ်မည်ကို မသိရသေးပေ။
အရှေ့တောင်အာရှတွင်
အကြီးဆုံး အထူးစီးပွားရေးဇုန် ဖြစ်လာမည်ဆိုသော ထားဝယ် စီမံကိန်းတွင် သင်္ဘော
ဆယ်ဂဏန်း တစ်ပြိုင်နက် ဆိုက်ကပ်နိုင်သော ရေနက် ဆိပ်ကမ်း၊ ရေနံ ဓာတုစက်ရုံ
စသည်တို့ ပါဝင်သော အကြီးစား စက်ရုံများ၊ ကားထုတ်လုပ်ရေး စသည်တို့ ပါဝင်သော
အလတ်စား စက်မှုဇုန်များ၊ အခြားအသေးစား စက်မှုဇုန် များပါဝင်ပြီး
စီမံကိန်းအတွက် လျှပ်စစ် စွမ်းအင်ကို မည်သည့် အရင်းအမြစ်မှ ရယူမည်ကို
မသေချာသေးပေ။
ITD က ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ထုတ်ရန် လျာထားခဲ့ သော်လည်း အစိုးရက လက်မခံခဲ့ပေ။
ထားဝယ် စီမံကိန်းသည် ရင်းနှီး မြှုပ်နှံမှုပမာဏ များပြားသည့် အတွက်
အီတာလျံ-ထိုင်း ကုမ္ပဏီတစ်ခု တည်းဖြင့် မလုပ်ဆောင်နိုင်သောကြောင့်
ငွေကြေးထောက်ပံ့မှု ရနိုင်ရန် အစိုးရချင်း ပူးပေါင်း လုပ်ကိုင်သည့်
စီမံကိန်းအဖြစ် အသွင် ပြောင်းပြီးနောက် ယင်းသို့လုပ်ဆောင် လာခြင်းဖြစ်သည်။
ယင်းစီမံကိန်း တစ်ခုလုံး တည်ဆောက် ပိုင်ခွင့်ရထားသော အီတာလျံ-ထိုင်းကုမ္ပဏီ
(IDT) အနေနှင့် စီမံကိန်းတွင် စိတ်ဝင်စား သည့် လုပ်ငန်းများနှင့် အညီ
ရှယ်ယာ ရရှိမည် ဖြစ်ကြောင်းသူရ ဦးသောင်းလွင်က ဆိုသည်။
စုစုပေါင်း
ကုန်ကျငွေ အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀ ကျော် ကုန်ကျမည့် ထားဝယ် စီမံကိန်း
အကောင်အထည်ဖော် ITD က ဘဏ္ဍာငွေ ရှာဖွေရေး အခက်အခဲတွေ့ ပြီးနောက် အစိုးရချင်း
ပူးပေါင်း လုပ်ဆောင်သည့် စီမံကိန်းအဖြစ် အသွင် ပြောင်းခဲ့သည်။
ယင်းနောက် စီမံကိန်း ပူးတွဲ အကောင် အထည်ဖော်သည့် ထိုင်းဝန်ကြီးချုပ်
ယင်းလပ်သည် ဗြိတိန်၊ ဂျပန်၊ အိန္ဒိယစသည့် ထိပ်သီးနိုင်ငံ တို့၏
ခေါင်းဆောင်များ တွေ့ဆုံစဉ် အတွင်း ထားဝယ် စီမံကိန်းတွင် လာရောက်
ရင်းနှီးမြှပ်နှံရန် လောဆော်မှု ကြောင့် ထားဝယ် စီမံကိန်း၏ ‘အရောင်း
ဝန်ထမ်း’ ဟုပင် ခေါ်ဝေါ် ခံရသည်။
ဂျပန် လုပ်ငန်းရှင်များ ထားဝယ်တွင်
လာရောက် ရင်းနှီးမြှုပ်နှံရန် ယင်းလပ်၏ ဂျပန်နိုင်ငံ ခရီးစဉ် အတွင်း
ပြောဆိုခဲ့သော် လည်း လက်တွေ့ကျသော ကတိကဝတ်များ မတွေ့ရသေးဘဲ ဂျပန်တို့၏ အဓိက
ဦးတည်ရာမှာ ရန်ကုန်မြို့တော် အနီးရှိ သီလဝါ စီမံကိန်း ဖြစ်နေသေးသည်။
ထားဝယ် စီမံကိန်း ဆက်လက် အကောင်အထည် ဖော်ရန် မြန်မာ-ထိုင်း နိုင်ငံတို့
ပါဝင်သော အထူးပြု အဖွဲ့တစ်ခု ဖွဲ့စည်းထားပြီး စီမံကိန်းဆိုင်ရာ နှစ်နိုင်ငံ
ပူးတွဲ ညှိနှိုင်းရေးအဖွဲ့က ဂျပန်လာရောက် ရင်းနှီးမြှုပ်နှံရေး ဖိတ်ခေါ်ရန်
သဘောတူ ထားသည်။
The Voice Weekly