မလေးရှားရောက် မြန်မာအချို့ အကြမ်းဖက် ခံရမှုများကို အရေးယူပေးရန်
မြန်မာအစိုးရက မလေးရှား အစိုးရထံ သတိပေးပြီး တစ်ရက်အကြာ ဇွန်လ ၅ ရက်
နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်တွင် စစ်ဆင်ရေး
တစ်ရပ်အနေနှင့် မြန်မာ အပါအဝင် နိုင်ငံခြားသားများကို စတင် ဖမ်းဆီးနေပြီ
ဖြစ်ကြောင်း ကပုန်း နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။
ယင်းစစ်ဆင်ရေး (အော်ပရာစီ) တွင် မြန်မာနိုင်ငံသား ၅၀၀ ကျော် ဖမ်းဆီး
ခံခဲ့ရပြီး ယင်းသည် လွန်ခဲ့သော ရက်ပိုင်းက ဆာလာယန်းနှင့် အန်းပန်းရွာသစ်
တို့တွင် မြန်မာနိုင်ငံသားများ အကြမ်းဖက်သတ် ဖြတ်ခံခဲ့ရ မှုများနှင့်
ဆက်စပ်နေကြောင်း ၎င်းက ဆိုသည်။
မလေးရှားနိုင်ငံ The Star သတင်း ဌာနတွင် ဖော်ပြထားချက် အရမူ မြန်မာ နိုင်ငံသား ၁၀၀၀ ကျော် ကို ဖမ်းဆီးထား ကြောင်း သိရသည်။
ကွာလာလမ်ပူ မြို့တော်ရှိ မြန်မာ စားသောက်ဆိုင်များ အများအပြား တည်ရှိသည့်
Kota Raya အဆောက်အအုံ တွင် ဇွန်လ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့် တွင်
ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်မှုများ ဖြစ်ပွား ခဲ့သည့်
ဆာလာယန်းနှင့် မြန်မာ အများစု နေထိုင်သည့် နေရာများ တွင်လည်း ဖမ်းဆီးမှုများ
ရှိခဲ့ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမား များကို
မေးမြန်းချက်များ အရ သိရှိရသည်။
မလေးရှားနိုင်ငံတွင် တရားမဝင်
အလုပ်သမားများကို တရားဝင် ပြုလုပ် ပြီးနောက် တစ်နှစ်ကျော် အကြာတွင် ပထမ
ဆုံး တရားမဝင် နိုင်ငံခြားသား များကို ပြန်လည် ဖမ်းဆီးသည့် စစ်ဆင်ရေး
ဖြစ်ကြောင်း ၎င်းတို့ ထံမှ သိရှိရသည်။
မလေးရှားနိုင်ငံတွင်
မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံခြားရေး
ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က ဇွန်လ ၄ ရက် နေ့တွင် မြန်မာနိုင်ငံ
ဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ခေါ်ယူကာ
အကြမ်းဖက် မှုများကို ချက်ချင်း စုံစမ်း စစ်ဆေးပြီး အရေးယူပေးရန်၊
အကြမ်းဖက်မှုများ ထပ် မဖြစ်ပွားရေး လုပ်ဆောင် ပေးရန် သတိထောက်လွှာ
ပေးအပ်ခဲ့သည်။
မလေးရှားနိုင်ငံ ဆာလာယန်းနှင့် အန်းပန်းရွာသစ်
တို့တွင် လွန်ခဲ့သော ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် အုပ်စုလိုက် ဝင်ရောက်
အကြမ်းဖက်မှု များကြောင့် မြန်မာနိုင်ငံသား သုံးဦး သေဆုံးခဲ့ပြီး
ဒဏ်ရာရရှိခဲ့ ထားသူများ အနက် လေးဦးမှာ အရေးပေါ် ကုသမှု ခံယူနေရသည်။
မလေးရှားနိုင်ငံတွင် တရားဝင် မြန်မာအလုပ်သမား သုံးသိန်းကျော်ရှိပြီး
တရားမဝင် လေးသောင်းကျော် ရှိကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၏
အဆိုအရ သိရ သည်။
The Voice Weekly