20 May, 2013

မြန်မာအမျိုးသမီး ကိုယ်စားလှယ်များ အိန္ဒိယ လေ့လာရေးခရီး ပြီးဆုံး

ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ ရှစ်ခု၏ အမျိုးသမီး ကိုယ်စားလှယ်များ အိန္ဒိယနိုင်ငံသို့ ခြောက်ရက်ကြာ လေ့လာရေးခရီးကို မေလ ၁၈ ရက်နေ့တွင် အဆုံးသတ်လိုက်ကြသည်။
ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းမှ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး အပါအဝင် အမျိုးသမီး ရှစ်ဦးအား အိန္ဒိယနိုင်ငံ၏ အမျိုးသမီးအခွင့်ရေးရာ လှုပ်ရှားဆောင်ရွက်မှုများ လေ့လာရန် ဖန်တီးအိမ် အဖွဲ့မှ စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

“အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာအခွင့်အရေးတွေကို လေ့လာဖို့ အိန္ဒိယမှာ ရှိနေတဲ့ Human Resources Center တွေ၊ လူ့အခွင့်အရေးဌာနတွေ၊ Women and Children Trafficking Center တွေ၊ ပါလီမန် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သွားတွေ့ပါတယ်။ အမျိုးသမီးတွေ လှုပ်ရှားဆောင်ရွက်နေတာတွေကို တိုက်ရိုက်တွေ့ထိပြီးတော့ သူတို့ဆီက အတွေ့အကြုံတွေကို ပြန်ပြီး Share လုပ်(မျှဝေ)ပေးရမယ့်အခွင့်အရေး ရမယ့်အတွက် ဒီကိုလိုက်လာရတာဟာ ကောင်းမွန်ပြီးတော့ ကျမတို့နိုင်ငံအတွက် အကျိုးရှိမယ်လို့ ယူဆပါတယ်” ဟု ပုသိမ်မြို့မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ခင်စီ က ပြောသည်။

နယူးဒေလီမြို့တွင် ခြောက်ရက်တာ နေထိုင်ရစဉ်အတွင်း အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန အပါအဝင် ဒေလီ အမျိုးသမီး ကော်မရှင်၊ လူမှုရေးရာ ပူးပေါင်းဆောင်ရွက်မှု ဌာနများနှင့် အမျိုးသမီးအဖွဲ့ များသို့ သွားရောက်လေ့လာခွင့် ရခဲ့ကြသည်။

“အမျိုးသမီးအဖွဲ့တွေ သူတို့ တန်းတူအခွင့်အရေးရဖို့ ဘယ်လို လှုပ်ရှားတယ်ဆိုတာ၊ လှုပ်ရှားမှုတွေမှာ ဘယ်သူတွေကို ဘယ်လိုချဉ်းကပ်ရမယ်၊ ကမ်ပိန်း ဘယ်လိုလှုပ်ရှားရမယ် ဆိုတာမျိုး အများကြီး လေ့လာခဲ့ ရပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာက အမျိုးသမီးတွေအတွက် ဥပဒေ သီးသန့်ကြီး မရှိဘူးလေ (CEDAW) လက်မှတ်ထိုးထားတာပဲ ရှိတယ်လေ။ ပြီးတော့ အမျိုးသမီးလှုပ်ရှားမှုတွေမှာ မြန်မာနိုင်ငံက အမျိုးသားပါဝင်မှု အားနည်းတယ်” ဟု ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် မနီနီမေမြင့် က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ရေးပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ခေတ်သစ်ပြည်သူ့ ပါတီတို့မှာ အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်ကြသည်။

Mizzima News