30 May, 2013

ကျန်းမာရေးသတိပေးပုံပါ စီးရက်ဘူးထုတ်လုပ်ဖို့ အိုင်ယာလန်နိုင်ငံ ဥပဒေထုတ်ပြန်

သြစတြေးလျနိုင်ငံအတွင်း ရောင်းချတဲ့ စီးကရက်ဘူးတွေမှာ ကုမ္ပဏီရဲ့ အမှတ်တံဆိပ်တွေ ဒီဇိုင်းတန်ဆာဆင်တာတွေမပါပဲ ထုတ်လုပ်ဖို့ သြစတြေးလျအစိုးရက ချမှတ်ခဲ့တာကို အိုင်ယာလန်နိုင်ငံကလည်း အတုယူပြီး လိုက်လုပ်ဖို့ရှိတယ်လို့ ကြေငြာခဲ့ပါတယ်။
ဒီလိုဥပဒေအတည်ပြုပြီးတဲ့နောက်မှာ အိုင်ယာလန်နိုင်ငံက စီးကရက်ဘူးခွံတွေမှာ သြစတြေးလျနိုင်ငံကလိုပဲ ကုမ္ပဏီအမှတ်တံဆိပ်မပါတဲ့အပြင် ကျန်းမာရေးဆိုင်ရာသတိပေးတဲ့ ရုပ်ပုံတွေကိုပါ ဖေါ်ပြထားရမှာ ဖြစ်ပါတယ်။
အိုင်ယာလန်နိုင်ငံက စီးကရက်ကုမ္ပဏီတွေအနေနဲ့ စီးကရက်ဘူးခွံတွေရဲ့ အရွယ်အစားတွေကို တရွယ်တစားပဲ ထုတ်လုပ်ရမှာဖြစ်သလို လူငယ်လူရွယ်တွေ အထူးသဖြင့် အမျိုးသမီးငယ်တွေကို စွဲဆောင်ဖို့အတွက် ပုံစံနဲ့ အရောင်အသွေးပြောင်းလဲတာတွေကိုလည်း ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။
အိုင်ယာလန်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ James Reilly ကတော့ အခုသတ်မှတ်မယ့် ဥပဒေသစ်ရဲ့ အကျိုးဆက်အနေနဲ့ ဆေးလိပ်သောက်သုံးမှုကြောင့် အိုင်ယာလန်နိုင်ငံမှာ နှစ်စဉ်သေဆုံးရသူ ၅,၂၀၀ ရှိနေတာကို လျော့ချနိုင်မယ်လို့ ပြောလိုက်ပါတယ်။

Radio Australia - Myanmar
ကျန်းမာရေးဆိုင်ရာသတိပေးတဲ့ရုပ်ပုံပါ စီးကရက်ဘူးတွေ (Credit: ABC)