မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံ များမှ ဧည့်သည်များ လာရောက် လည်ပတ်လျက်
ရှိရာ အချို့သော နေရာများတွင် မြန်မာမှု နည်းပညာများ၊ အနုပညာ လက်ရာများ
နှင့် အခြားသော မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ် များ၏ မြန်မာမှု အငွေ့အသက်များ
ဖြင့် နိုင်ငံခြားသား များကို ဆွဲဆောင်မှုများ ပြုလုပ်လျက် ရှိသည်။
မြန်မာနိုင်ငံ၏ အထင်ကရ နေရာများဖြစ်ပြီး ယဉ်ကျေးမှု နယ်မြေများ ဖြစ်သည့်
ပုဂံ၊ ညောင်ဦးဒေသ သို့ သွားရာ လမ်းတွင် တိမ်မြုပ် ပျောက်ကွယ်
လာပြီဖြစ်သည့် မြန်မာမှု အငွေ့အသက် ဖြစ်သော ဆီဆုံသည်လည်း နိုင်ငံခြားသား
များကို
ဆွဲဆောင်မှုများ ပြုလုပ်ရာတွင် အပါအဝင် ဖြစ်ကြောင်း ကွင်းဆင်း
လေ့လာချက်များ အရ သိရသည်။
ဆီဆုံများမှာ အထက်အညာ ဒေသ၏ သင်္ကေတ တစ်ခုပင် ဖြစ်သည်။ ဆီဆုံများနှင့်
ဆီကြိတ်ခွဲမှုကို ညောင်ဦးမြို့နယ် ကျေးရွာများတွင် တွေ့မြင် နေရဆဲပင်
ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံသည် အရှိန်အဟုန် နှင့် ဖွံ့ဖြိုးတိုးတက်
နေပြီဖြစ်သည်။ ယခင်က မြန်မာ့ကျေးလက် ဒေသများတွင် ကျွဲ၊ နွား မရှိလျှင်
အလုပ်မဖြစ်၊ လယ်ယာ ကိုင်းကျွန်း လုပ်ငန်းများတွင် ကျွဲ၊ နွားအင်အား၊
လူလုပ်အား များနှင့် ပင်ပင်ပန်းပန်း ထွန်ယက် စိုက်ပျိုး ခြွေလှေ့
လုပ်ကိုင်ခဲ့ ကြသည်။ ကျွဲ၊ နွား အားကိုးနှင့် ဆီဆုံများဖြင့် ပဲ၊ နှမ်းများ
ကြိတ်ခွဲကာ ဆီထုတ် ခဲ့ကြသည်။ ယခုအခါ ထိုသို့ မဟုတ်တော့။ ထွန်စက်၊
စိုက်စက်၊ ရိတ်သိမ်း ခြွေလှေ့စက် တွေနှင့် အဆင်ပြေစွာ လုပ်ကိုင် ဆောင်ရွက်
နေကြပြီ ဖြစ်သည်။
ကျွဲ၊ နွားနှင့် ထွန်ယက် စိုက်ပျိုးခြင်း၊ ကျွဲ၊ နွား အသုံးပြု၍
ဆီဆုံများဖြင့် ပဲ၊ နှမ်းများကို ဆီကြိတ်ခွဲ ခြင်းသည် မြန်မာမှု
စစ်စစ်များလည်း ဖြစ်သည်။ ယခုအခါ အဆိုပါ မြန်မာမှုများသည် ဖွံ့ဖြိုး
တိုးတက်မှု ဖြစ်စဉ်များကို မယှဉ်နိုင်သဖြင့် တဖြည်းဖြည်း ပျောက်ကွယ် နေပြီ
ဖြစ်သည်။ သို့သော် အထက်အညာ ဒေသ၏ အချို့သော အရပ်ဒေသ များတွင် အဆိုပါ
မြန်မာမှု အငွေ့အသက် အချို့ကို ယနေ့တိုင် ကျန်ရှိ နေသေးသည်ကို လေ့လာတွေ့ရှိ
နေရသည်။
မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံ များက ဧည့်သည်များ လာရောက် လည်ပတ်ရာတွင်
မြန်မာနိုင်ငံ၏ မြန်မာမှု အငွေ့အသက် များကို လေ့လာ နိုင်သလို မြန်မာမှု
အငွေ့အသက် များကို ယနေ့တိုင် ထိန်းသိမ်း ထားနိုင်မှုမှာ အံ့သြဖွယ်၊
ဝမ်းသာဖွယ်၊ ကြည်နူးဖွယ်၊ လေးစားဖွယ် မြင်ကွင်းများ ဟုပင် ဆိုရမည် ဖြစ်သည်။
ဇာညီသစ္စာ
Themyawadydaily
မြ၀တီနေ့စဉ်
