06 June, 2013

အင်ဒို SEA Games တွင် ဂျူဒို ငွေတံဆိပ်ရခဲ့သူများယခုနှစ် ရွှေတံဆိပ် ယူမည်ဟုဆို

အင်ဒိုနီးရှား SEA Games တွင် ငွေတံဆိပ်နှင့်သာ ကျေနပ်ခဲ့ရသော ဂျူဒို အားကစားသမားများသည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူနိုင်ရန် မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ ဂျူဒိုအားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအောင်နိုင်ဆွေက ပြောကြားသည်။အင်ဒိုနီးရှားတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် တစ်ခုသာရခဲ့ပြီး ငွေ တံဆိပ် ခြောက်ခုနှင့် ကြေးတံဆိပ် နှစ်ခုသာ ရရှိခဲ့သောကြောင့် လာမည့် ပြိုင်ပွဲ SEA Games တွင် ရွှေတံဆိပ်ဆုများ ရရှိနိုင်ရန် နေပြည်တော်ရှိ အားကစား လေ့ကျင့်ရေးစခန်း ရွှေကန့်တွင် ဂျပန်နည်းပြနှစ်ဦးနှင့် မြန်မာ နည်းပြ ငါးဦးတို့က လေ့ကျင့်ပေးလျက်ရှိသည်ဟု ၎င်းကဆိုသည်။

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပဏာမလက်ရွေးစင် ကစားသမားများကို ယခု နှစ်ဆန်းပိုင်းက ဂျပန်နိုင်ငံတွင် တစ်လတာ ပူးတွဲလေ့ကျင့်မှုများ ပြု လုပ်ပေးခဲ့ပြီး လက်ရွေးစင်အဖြစ် ရွေးချယ်ခံရသူများကို ဂျပန်နိုင်ငံ၌ပင် ထပ်မံ၍ ၄၅ ရက်ကြာ ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဇူလိုင်လထဲမှာ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ ဂျူဒိုပြိုင်ပွဲကိုလည်း ဝင်ပြိုင်မယ်” ဟု ၎င်းကဆိုသည်။

ဂျပန်နည်းပြ နှစ်ဦးအနက် ရှင်တာရိုချီဟာရာကို မတ်လ ၁ ရက်နေ့ကစ၍ တစ်လလျှင် အမေရိကန် ဒေါ်လာနှစ်ထောင်ဖြင့် ငှားရမ်းထားခြင်းဖြစ်ပြီး ကာကီနူမာမှာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ငှားပေးထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ရုံးမှ စုံစမ်းသိရှိရသည်။

ပဏာမလက်ရွေးစင် ဂျူဒိုကစားသမားများ စာရင်း၌ ၂၀၁၁ ခုနှစ် အင်ဒိုနီးရှား SEA Games တွင် ရွှေတံဆိပ်ယူခဲ့သည့် အေးအေးအောင်၊ ငွေတံဆိပ် ယူခဲ့ ကြသည့် ဟိန်းလတ်ဇော်၊ သူရဇော်၊ ရန်နိုင်ဦး၊ ဇင်လင်းအောင်၊ သဉ္ဇာစိုးနှင့် သန်းသန်းဝင်းတို့ အပါအဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁၅ ဦး နေပြည်တော် ရွှေကန့်တွင် လေ့ကျင့်လျက်ရှိသည်။

The Voice Weekly