06 June, 2013

“ကမ္ဘာ့ပထမဆုံး ပီဇာပို့လုပ်ငန်းသုံး အဝေးထိန်းရဟတ်ယာဉ်ငယ်”

ကမ္ဘာ့ပထမဆုံး ပီဇာပို့သည့် အဝေးထိန်း ရဟတ်ယာဉ်ငယ် တစ်စင်းကို ဗြိတိန် စားသောက်ကုန် လုပ်ငန်းတစ်ခုက စတင် တီထွင် အသုံးပြုနေကြောင်း သိရှိရသည်။ Dominoက အဆိုပါ ရဟတ်ယာဉ်ငယ်လေးကို တီထွင်ပြီး လူလုပ်သားများ နေရာတွင် အစားထိုးနိုင်ရန် မျှော်လင့်နေသည်။
 Domicopterဟု အမည်ပေးထားသော ရဟတ်ယာဉ်လေးကို Aerosight နည်းပညာ ကုမ္ပဏီက Domino၏ မှာယူမှုကြောင့် ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရဟတ်ယာဉ်ငယ်လေးသည် (၄)မိုင်မျှ အကွာအဝေးအတွင်း တည်ရှိသော နေရာများသို့ (၁၀)မိနစ်အတွင်း ပီဇာရောက်အောင် ပေးပို့နိုင်စွမ်း ရှိနေသည်။

အဆိုပါ စက်ရုပ်ယန္တရားလေးများကို ရေရှည် အသုံးပြုသွားနိုင်ရန် Dominoက မျှော်လင့်နေသည်။ "သာမန် ပီဇာပို့တဲ့ ချာတိတ်လေးတွေထက်တော့ ဒီရဟတ်ယာဉ်လေးတွေက ပိုမြန်မယ်လေ"ဟု ယခုလုပ်ငန်းနှင့် ဆက်စပ်နေသည့် T+ Biscuitsလုပ်ငန်း ထူထောင်သူ တွမ်ဟတ်တန်က မှတ်ချက်ပြုခဲ့သည်။

"အသုံးပြုရတာ အင်မတန်လွယ်တာကို တွေ့ရတော့ ကျွန်တော်တို့ အံ့ဩမိတယ်"ဟုလည်း ၎င်းက ပြောကြားသွားသည်။ Dominoက အဆိုပါ ရဟတ်ယာဉ်ငယ်များ လိုအပ်သော နေရာသို့ တိတိကျကျ သွားရောက်နိုင်ရန်အတွက် GPS လမ်းပြစနစ်ကို အသုံးပြုထားကြောင်းလည်း ဆိုသည်။

အမေရိကန်တွင်မူ ယင်းကိရိယာလေးများကို လတ်တလော အသုံးပြုနိုင်ဦးမည် မဟုတ်ချေ။ ယင်းတို့ကို မောင်းသူမဲ့ လေယာဉ်အဖြစ် စာရင်းသွင်းထားပြီး ဥပဒေအရ မောင်းသူမဲ့ လေယာဉ်များကို စီးပွားရေးအတွက် အသုံးပြုခြင်းအား (၂၀၁၅)ခုနှစ်ထိ ပိတ်ပင်ထားဆဲ ဖြစ်သည်။

Planet Myanmar