တရုတ်နိုင်ငံကနေ
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ကို ဖြတ်ပြီး အိန္ဒိယ နိုင်ငံ အနောက်ဘင်္ဂလာ
ပြည်နယ်ထိ အဝေးပြေး ကားလမ်းမကြီး တစ်ခုကို ဆက်သွယ်ဖေါက်လုပ်ရန်
တရုတ်အစိုးရမှ အဆိုပြုလာသည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောသည်။
၎င်းအဆိုပြုချက်အပေါ် မိမိတို့နိုင်ငံမှ ထောက်ခံကြောင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ပို့ဆောင် ၀န်ကြီး Obaidul Quader က ပြောဆိုသည်။တရုတ် လက်ထောက် ဆက်သွယ်ရေး ၀န်ကြီး Feng Zhenglin နှင့်
ဒက္ကားမြို့တော်တွင် တွေ့ဆုံ အပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ်
ဘင်္ဂလာဒေခ်ျ့ ပို့ဆောင်ရေး ၀န်ကြီးက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ အခု ဖေါက်လုပ်မယ့် လေးနိုင်ငံ ဆက်သွယ်ရေး အဝေးပြေးလမ်းမက အာရှလမ်းမနဲ့
မဆိုင်ဘူး။ သီးခြား ဖြစ်တယ်။ ဒီလေးနိုင်ငံ အဝေးပြေးလမ်းမ ဖေါက်မှာကို
မိမိတို့ အနေနဲ့ ထောက်ခံပါတယ်” ဟု ပြောသည်။
သို့သော်လည်း ၀န်ကြီးအနေဖြင့် အသေးစိတ် အချက်အလက်များကို တစ်စုံတစ်ရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိကြောင်း သိရသည်။
ဘင်္ဂလာဒေခ်ျ့ ပို့ဆောင်ရေးဝန်ကြီးမှ “ သဘောတူညီမူ နောက်ဆုံး အဆင့်သို့
ရောက်ရှိရန် လေးနိုင်ငံတာဝန်ရှိသူများ အနေဖြင့် ဆွေးနွေးပွဲများ
ဆက်လုပ်သွားရအုံးမည် ဖြစ်ကြောင်း” ပြောသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် တရုတ် အပါအ၀င် အာစီယံနိုင်ငံများနှင့် ကုန်သွယ်ရေး
တိုးမြှင့်ရေးအတွက် မြန်မာနှင့် ဆက်သွယ်မည့် ချစ်ကြည်ရေး လမ်းမ တစ်ခု
ဖေါက်လုပ်ရန် အထူး လိုလားနေရာ အဆိုပါ ကားလမ်း ဖေါက်လုပ်နိုင်ရေး အတွက်
ဆယ်စုနှစ်နှင့် ချီပြီး မြန်မာ အစိုးရ အာဏာပိုင်များအား ချဉ်းကပ်
ကြိုးစားနေကြောင်း သိရသည်။
အဆိုပါ လမ်းဖေါက်လုပ်ရေး အတွက်
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အကြားတွင် သဘောတူညီမူများ အကြိမ်ကြိမ်
ရရှိခဲ့သော်လည်း ယနေ့တိုင် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခြင်း
မရှိသေးကြောင်း သိရသည်။
Mizzima News
အကယ်၍ လေးနိုင်ငံ ကားလမ်း ဖေါက်လုပ်ဖြစ်ပါက ဤဘူးသီးတောင်- မောင်တောကားလမ်းသည် အခရာကျလာမည် ဖြစ်သည်။
