27 June, 2013

ဂျူဗင်းတပ်စ် အသင်းနှင့် တရားဝင် စာချုပ်လိုက်ပြီဖြစ်သည့် တီဗက်ဇ်

ဂျူဗင်းတပ်စ် အသင်းသည် မန်ချက်စတာ စီးတီး တိုက်စစ်မှူး ကားလို့စ် တီဗက်ဇ်ကို အတည်ပြု ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးသည် ပေါင်စတာလင် (၁၀)သန်းတန် ပြောင်းရွှေ့ကြေး သဘောတူညီမှု တစ်ရပ်ဖြင့် အီတလီ စီးရီးအေ ချန်ပီယံ အသင်းထံသို့ ရောက်ရှိလာသည်။ အသက်(၂၉)နှစ်ရှိ တီဗက်ဇ်အတွက် ဂျူဗင်းတပ်စ်က ပေါင်စတာလင် (၁၀)သန်း ပြောင်းရွှေ့ကြေးကို ဦးစွာ ပေးချေပြီး အခြားသော
စွမ်းဆောင်ရည်ဆိုင်ရာ ထပ်ပေါင်း ပေးချေမှုများ အရ ပေါင်စတာလင် (၁၂)သန်းထိ တန်ကြေး မြင့်တက် လာနိုင်ကြောင်း သိရှိရသည်။

သို့သော်လည်း တီဗက်ဇ်သည် ယာဉ်စည်းကမ်း ဖောက်ဖျက်မှု အတွက် ချမှတ် ခံထားရသည့် ပြစ်ဒဏ်ဖြစ်သော အများ အကျိုးပြု လုပ်ငန်းများကို နာရီ(၂၅၀)ကြာ လုပ်ဆောင်မှုကို အပြီးသတ် ဆောင်ရွက်ပြီးမှ အီတလီသို့ ကူးပြောင်းခွင့် ရမည် ဖြစ်သည်။

တီဗက်ဇ်သည် မက္ကာဖီးလ် တရားရုံးတွင် ဧပြီလက လိုင်စင် မပါဘဲ ကားမောင်းမှု အတွက် ယခုပြစ်ဒဏ်ကို ခံယူရန် အမိန့် ချမှတ်ခြင်း ခံခဲ့ရသည်။ ၎င်းသည် တောင်အမေရိကတွင် အနား ယူနေရာမှ အီတလီသို့ ရောက်ရှိလာကာ စာချုပ် ခဲ့ပြီးနောက် အင်္ဂလန် ရဲတပ်ဖွဲ့က ပြစ်ဒဏ်ကိစ္စ အပြီး မသတ်သေးသည်ကို သတိ ပေးထားခဲ့သည်။ တီဗက်ဇ်သည် ဇူလိုင်လ (၁၂)ရက်နေ့တွင် ဂျူဗင်းတပ်စ် အသင်း ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်များ စတင်ရာ၌ သွားရောက် ပူးပေါင်းဖွယ် ရှိနေပြီး ယင်းမတိုင်မီ အင်္ဂလန်မှ ဥပဒေကြောင်းဆိုင်ရာ ကိစ္စများကို အပြီးသတ် ရှင်းလင်းရန် လုပ်ဆောင်ရမည် ဖြစ်သည်။

အသက်(၂၉)နှစ်ရှိ တီဗက်ဇ်အတွက် ဂျူဗင်းတပ်စ်က ပေါင်စတာလင် (၁၀)သန်း ပြောင်းရွှေ့ကြေးကို ဦးစွာ ပေးချေပြီး အခြားသော စွမ်းဆောင်ရည်ဆိုင်ရာ ထပ်ပေါင်း ပေးချေမှုများအရ ပေါင်စတာလင် (၁၂)သန်းထိ တန်ကြေး မြင့်တက်လာနိုင်...

တီဗက်ဇ်ကို လေယာဉ်ပေါ်မှ အဆင်းတွင် ဂျူဗင်းတပ်စ် ပရိသတ် (၂၀၀)ကျော်က စုရုံး နှုတ်ဆက်ခဲ့ကြသည်။ ၎င်းသည် ဂျူဗင်းတပ်စ်တွင် တစ်နှစ်လုပ်ခ ပေါင်စတာလင် (၄.၆)သန်းမျှ ခံစားရမည်ဖြစ်ပြီး အသင်း၏ လုပ်ခ လစာ အများဆုံး ကစားသမား ဖြစ်လာမည်ဟုလည်း သိရှိရသည်။

soccermyanmar