31 May, 2013

ဒိန်းမတ်နိုင်ငံ တော်ဝင်မင်းသမီး မလေးရှားက ကရင်တွေနဲ့တွေ့ဆုံ

မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ရဲ့ ဖိတ်ခေါ်မှုနဲ့ မလေးရှားနိုင်ငံကို ၄ ရက်ကြာ လည်ပတ်ခဲ့တဲ့ သြစတြေးလျနိုင်ငံဖွား ဒိန်းမတ်နိုင်ငံ တော်ဝင်မင်းသမီး မေရီဟာ ကရင်အမျိုးသားအစည်းအရုံးကို သွားရောက်လည်ပတ်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။မလေးရှားနိုင်ငံရှိ ကရင်အမျိုးသားအစည်းအရုံး စာသင်ခန်းကို သွားရောက်ပြီး ကရင်ဒုက္ခသည် ကလေးငယ်တွေကို အားပေးစကားပြောတာတွေ၊ နှစ်သိမ့်အားပေးမှုတွေ မေးမြန်းမှုတွေလုပ်ခဲ့ပြီး ဓာတ်ပုံတွေ တွဲရိုက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
အသက် ၄၁ နှစ်အရွယ် မင်းသမီး မေရီဟာ ကုလသမဂ္ဂလူဦးရေဆိုင်ရာ ရံပုံငွေအဖွဲ့မှာ ပါဝင်လှုပ်ရှားပေးသူဖြစ်ပြီး အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ အိမ်တွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ဆောင်ရာမှာ အားပေးသူဖြစ်ပါတယ်။

မင်းသမီးမေရီဟာ သြစတြေးလျနိုင်ငံ တက်စမေးနီးယားပြည်နယ်သူဖြစ်ပြီး ဒိန်းမတ်နိုင်ငံ တော်ဝင်မင်းသား သြစတြေးလျနိုင်ငံကို အလည်လာရာမှာတွေ့ဆုံခွင့်ရခဲ့ပြီးနောက် ချစ်သူဘဝကနေ အခု မင်းသမီးဘဝ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒိန်းမတ်ဘုရင်မမှာ သားနှစ်ယောက်ရှိတဲ့အထဲက သားကြီးဖြစ်သူ တော်ဝင်မင်းသား ဖက်ဒရစ်ရဲ့ ကြင်ရာတော် ဖြစ်လာတာဖြစ်ပြီး သူဟာ ဒိန်းမတ်စကားလေ့လာသင်ယူပြီး ပရဟိတလုပ်ငန်းတွေမှာ ပါဝင်တဲ့အတွက် ဒိန်းမတ်ပြည်သူတွေရဲ့ အချစ်တော်ဖြစ်ကြောင်းလည်း သိရပါတယ်။

၂၀၀၄ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး ခုအခါမှာ သားသမီး ၄ ယောက် ရှိပြီး မင်းသားကြီးဖြစ်သူနဲ့ လက်ထပ်ထိမ်းမြားခဲ့တာဖြစ်တဲ့အတွက် တစ်နေ့ကျရင် မိဖုရားဖြစ်လာမယ့်သူ ဖြစ်ပါတယ်။

ABC Radio Australia
ဒိန်းမတ်နိုင်ငံက တော်ဝင်မင်းသမီးမေရီ မလေးရှားနိုင်ငံရောက် ကရင်တိုင်းရင်းသားတွေနဲ့ တွေ့ဆုံ