19 May, 2013

ငါးရှဥ့် ခြောက်တစ်ပိဿာ ငါးထောင်ဖြင့် ရန်ကုန်ဈေးကွက် ရောက်

မြန်မာ့ ရေထွက်ကုန် ပစ္စည်းများ အနက် အိမ်နီးချင်း နိုင်ငံများသို့ အဓိက တင်ပို့ရောင်းချ နေသော ငါးရှဥ့်မှာ ရန်ကုန် ဈေးကွက်တွင်းသို့ အကောင်ကြီးများကို အခြောက် ပြုလုပ်၍ တစ်ပိဿာ ငွေ ကျပ် ငါးထောင်ဈေးဖြင့် ဝင်ရောက်လာကြောင်း သိရသည်။
 ငါးရှဥ့်ခြောက် ပြုလုပ်နိုင်သော အကောင် အရွယ်အစား များမှာ ရှားပါးပြီး အိမ်နီးချင်း နိုင်ငံများသို့ အခြောက် ပြုလုပ်ရန် တင်ပို့နေသော ငါးရှဥ့်များမှာ လုံးပတ် သုံးစင်တီမီတာသာ ရှိ၍ အခြား တင်ပို့နေသော ငါးရှဥ့်များမှာလည်း ဆိုက်အစုံ ဖြစ်ကြောင်း ငါးရှဥ့်လုပ်ငန်းရှင်များ ထံမှ သိရသည်။ ငါးရှဥ့်ခြောက်ကို အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ခြင်း မရှိဘဲ ဝယ်ယူခြင်းလည်း မရှိကြောင်း သိရသည်။ ငါးရှဥ့် တင်ပို့မှုကို ယခင်က MPC ကုမ္ပဏီမှ တစ်ဆင့် ရောင်းချရသည်။ နောက်ပိုင်းတွင် လေလံစနစ်သို့ ပြောင်းလဲ ရောင်းချခွင့် ရရှိလာ သောကြောင့် ငါးရှဥ့် ဈေးနှုန်းများ၏ တန်ဈေး ပိုမို ရရှိကြောင်း သိရသည်။

ရေထွက်ကုန် ပစ္စည်း တင်ပို့မှု နိုင်ငံခြားငွေ အများအပြား ရှာပေးရာတွင် ငါးရှဥ့်တင်ပို့မှုမှ တစ်နှစ်မျှော်မှန်းထားသော ပို့ကုန်ရငွေသည် အမေရိကန် ဒေါ်လာ ၂၅ သန်းကို နှစ်စဉ်ကျော် လွန်နေကြောင်း သိရသည်။ ငါးရှဥ့် တင်ပို့မှုကို လွတ်လပ်စွာ ခွင့်ပြုထားသော်လည်း မျိုးသုဉ်း မှုမှ ကာကွယ်ရန် လုံးပတ် ၃ စင်တီမီတာ ရှိသော ငါးရှဥ့်များကို တင်ပို့ခွင့် မပြုကြောင်း သိရသည်။

မြ၀တီ