18 March, 2015

မြန်မာယူ -၂၂ နှင့် ထိုင်းယူ -၂၂တို့ ယနေ့ခြေစမ်းမည်

မြန်မာယူ၂၂အသင်းသည်ထိုင်းနိုင်ငံတွင်မတ်၁၃ရက်ကတည်းက လေ့ကျင့်လျက်ရှိပြီး ခြေစမ်းပွဲနှစ်ပွဲကစားရန် စီစဉ်ထားသော်လည်း လာအို အသင်းနှင့်ပွဲမှာ ပျက်ပြယ်ခဲ့သောကြောင့် ထိုင်းနှင့်ပွဲသာ ကစားရခြင်းဖြစ်သည်။ မြန်မာယူ-၂၂ အသင်းသည် ထိုင်းခြေစမ်းခရီးစဉ်မတိုင်မီက ဂျပန် နိုင်ငံတွင် လေ့ကျင့်မှုများပြုလုပ်ပြီး မတ် ၁၁ ရက်က ဂျပန်ယူ-၂၂ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ
ကိုးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာယူ-၂၂ အသင်း၏ ပထမဆုံး နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် ဖီဂျီယူ-၂ဝ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် ဂိုးမရှိ သရေကျခဲ့သည်။
အာရှယူ-၂၃ ခြေစစ်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာယူ-၂၂ အသင်း နှင့် ထိုင်းယူ-၂၂ အသင်းတို့သည် မတ် ၁၈ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ဗန်ကောက်မြို့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ထိုင်း ယူ-၂၂ အသင်းမှာလည်း အာရှခြေစစ်ပွဲအတွက် ပြင်ဆင်နေသည့် အသင်းဖြစ်ပြီး မတ်လဆန်းပိုင်းမှစ၍ ခြေစမ်းပွဲများ ဆက်တိုက်ကစားလျက်ရှိ သည်။ တရုတ်(တိုင်ပေ)၊ ပါကစ္စတန်အသင်းတို့နှင့် ခြေစမ်းကစားရာတွင် ထိုင်းအသင်းမှာ နှစ်ပွဲစလုံး အနိုင်ရထားပြီး မြန်မာအသင်းနှင့် ပွဲအပြီးတွင်လည်း ဗီယက်နမ်အသင်းနှင့် ထပ်မံခြေစမ်းမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းမှာ မတ် ၂၂ ရက်တွင် မလေးရှားအသင်းနှင့် ရန်ကုန်မြို့တွင် ခြေစမ်းကစားရန် စီစဉ်ထားကြောင်း သိရသည်။
MOI Webportal Myanmar