စပန်းနစ်ဖောက်(အမေရိကန်) မတ် ၉
အမေရိကန် ပြည်ထောင်စု ယူတားပြည်နယ်စပင်းနစ် ဖောက်မြို့၌အလွန်အေးသော
မြစ်တစ်စင်းအတွင်းသို့ ကားတစ်စီးထိုးကျပြီး ပက်လက်လန်သွားသော ထိုင်ခုံတွင်
၁၄ နာရီကြာ ပိတ်မိနေသော ကလေးတစ်ဦးကို တံငါသည်တစ်ဦးက အသက်ရှင်လျက်
တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ပြောကြားသည်။
ဆော့လိပ်စီးတီး၏ ဆေးရုံတစ်ရုံတွင် ဆေးဝါးကုသမှု ခံယူနေသော
အသက်(၁၈)လသာရှိသေးသော ကလေး၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာမရှိကြောင်း၊
အသက်(၂၅) နှစ်ရှိ မိခင်ကို ကားအတွင်း သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း
ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ပြောသည်။
ဆာ့လိပ်စီးတီး၏ တောင်ဘက် မိုင် ၅ဝ ခန့်အကွာ စပင်းနစ်ဖောက်ရှိ
စပင်းနစ်ဖောက်မြစ်ကမ်းစပ်၌ ယင်းကား ကို ည ၁၂ နာရီ ၃ဝ မိနစ်ခန့်တွင်
တံငါသည်က တွေ့ရှိခဲ့ ခြင်းဖြစ်သည်ဟု ရဲအရာရှိ မတ်ဂျွန်ဆင်က ပြောသည်။
အခင်းဖြစ်ပွားရာ အနီးနေထိုင်သူက အသံတစ်သံကို ကြားရကြောင်း သောကြာနေ့ ည ၁ဝ
နာရီ မိနစ် ၃ဝ ခန့်တွင် ကားမတော်တဆဖြစ်ခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက
ယုံကြည်ကြောင်း ဂျွန်ဆင်ကပြောသည်။
ကားအတွင်းကို ဖြတ်သန်းစီးဆင်းနေသော မြစ်ရေအပေါ်တွင်
ဇောက်ထိုးမိုးမျှော်အနေအထားဖြင့် ကလေးငယ်ကို တွေ့ရခြင်းဖြစ်ပြီး မိခင်ကို
ကားမောင်းသူ၏ ထိုင်ခုံတွင် တွေ့ရသည်ဟု ဆိုသည်။ မြစ်ရေက ကလေးငယ်ကို မထိခဲ့ဟု
ဂျွန်ဆင်က ဒီဆီးရက်သတင်းစာသို့ ပြောကြားသည်။
ကားသည် တံတား၏ အင်္ဂတေကိုင်ထားသော အတားအဆီးများကို တိုက်မိပြီး
မြစ်အတွင်းသို့ ဘေးတိုက် ထိုးဆင်းသွားခြင်း ဖြစ်သည်ဟု စုံစမ်းသူများက
ပြောသည်။ ဘီဘီစီ။
The Mirror Daily