17 March, 2015

အောင်တံခွန် ၃ သင်္ဘောနစ်မြုပ်မှုကြောင့် ပျောက်ဆုံး နေသူများ အနက် အလောင်း ၂၀ ထပ်မံတွေ့ရှိ

သင်္ဘောနစ်မြုပ်မှုအတွင်း သေဆုံးသွားသူများကို ကျောက်ဖြူမြို့သို့ သယ်ဆောင်လာစဉ်။ (ဓာတ်ပုံ - ကျော်ထွန်း / RNA)
မတ်လ ၁၃ရက်နေ့က မြေပုံမြို့အနီး အောင်တံခွန်-၃ သင်္ဘောနစ်မြုပ်မှုတွင် ပျောက်ဆုံး နေသူများ အနက် မတ်လ ၁၆ရက်နေ့ မွန်းလွဲပိုင်း အချိန်အထိ အလောင်း ၂၀ကို ထပ်မံတွေ့ရှိ ခဲ့ကြောင်း သတင်းရရှိသည်။
မတ်လ ၁၆ရက်တွင် ထပ်မံတွေ့ရှိသော အလောင်းများတွင် အမျိုးသား ၉ဦး၊ အမျိုးသမီး ၁၁ဦး ပါဝင်ကြောင်း ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူ ဦးအောင်ကိုကြီး ကပြောသည်။
“အလောင်းတွေက ကမ်းကို ရောက်လာတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ လိုက်လံရှာဖွေရင်း တွေ့ရှိတာပါ။ လူသေအလောင်းတွေကိုတော့ ကျောက်ဖြူကို သင်္ဘောနဲ့ သယ်ယူသွားပါပြီ” ဟု ၄င်းကပြောသည်။

အောင်တံခွန်-၃ သင်္ဘောသည် တောင်ကုတ်မြို့မှ စတင်ထွက်ခွာလာခြင်း ဖြစ်ပြီး၊ ကျောက်ဖြူမြို့တွင် ခရီးတစ်ထောက်နား၍ စစ်တွေမြို့သို့ ခရီးဆက်ရန် ထွက်ခွာလာစဉ် မြေပုံမြို့နယ်အနီး နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံပိုင်သတင်းစာများတွင် အဆိုပါ အောင်တံခွန်-၃ သင်္ဘောသည် ရာသီဥတု ဆိုးရွားမှုကြောင့် နစ်မြုပ်ခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း၊ သင်္ဘောနစ်မြုပ်မှုမှ အသက်မသေဘဲ လွတ်မြောက်လာသူများ၏ ပြောဆိုချက်အရ သင်္ဘောသည် ကျောက်ဖြူဆိပ်ကမ်းမှ မထွက်ခွာမီကပင် သင်္ဘောဝမ်းဗိုက်ရှိ အပေါက်မှ
ရေများဝင်နေခဲ့ကြောင်း သိရသည်။

အဆိုပါသင်္ဘောတွင် လူ ၂၁၄ ဦးလိုက်ပါသွားကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သော်လည်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများ၏ အဆိုအရ သင်္ဘောပေါ်တွင် လက်မှတ်မဲ့ ခရီးသည်အမြောက်အမြား ပါဝင်လာကြောင်း သိရပြီး၊ သင်္ဘောတွင် ခရီးသည်အရေအတွက် ၃၀၀ ခန့်ပါဝင်ကြောင်း ပြောဆိုကြသော်လည်း အရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်း မရှိချေ။

ခိုင်ဖြိုး

Rakhine News Agency