ထာဝရအလင်းတန်း ဇာတ်ကားနဲ့ အကောင်းဆုံး
အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိထားတဲ့ သရုပ်ဆောင် မယ်လိုဒီက
ကျန်းမာရေးကြောင့် အနုပညာ အလုပ်များကို ရပ်နားထားတယ်လို့ ဆိုထားရာက
ပရိသတ်များရဲ့ အားပေးမှုကြောင့် ဇာတ်ကားများ ပြန်လည် ရိုက်ကူးဖြစ်နေကြောင်း
The Voice ကိုပြောပါတယ်။
ကျန်းမာရေးကြောင့် ဇာတ်ကား ရိုက်ကူးမှုတွေ
နားထားပေမယ့် ရီမြင့် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဒါရိုက်တာ
ထွန်းအောင်ဇော်တို့က ဇာတ်ကားများ ပြန်လည် ရိုက်ကူးရန် တိုက်တွန်းခဲ့သလို၊
Facebook (လူမှုကွန်ရက် ဝက်ဘ်ဆိုက်) ရှိ သူမရဲ့ ပရိသတ်များရဲ့ သဘောထားကို
စစ်တမ်းကောက်ကြည့်တဲ့ အခါမှာလည်း ဇာတ်ကားများ ပြန်လည်
ရိုက်ကူးစေချင်ကြသေးတယ် ဆိုတာသိရတဲ့အတွက် အနုပညာအလုပ်များ ပြန်လည်
လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း၊ မျက်လုံးက သိပ်မကောင်းသေးဘဲ ကျန်းမာရေး
ကောင်းနေသမျှတော့ အနုပညာ အလုပ်များကို အကောင်းဆုံး ဖြစ်အောင်
လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း မယ်လိုဒီက ထပ်လောင်းပြောဆိုပါတယ်။
လတ်တလောမှာတော့
မယ်လိုဒီက ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးတဲ့ အသည်းကွဲ သိုက်ဆက်ဆိုတဲ့
ဗီဒီယိုဇာတ်ကား မှာ ကောင်းပြည့်နဲ့အတူ သရုပ်ဆောင်နေတာပါ။
“ဒီဇာတ်ကားမှာမျိုးက အင်ဂျင်နီယာ တစ်ယောက်နေရာက သရုပ်ဆောင်ထားတယ်။
ဇာတ်ကားလေးက ရသစုံ ကြည့်ကြရမှာပါ။ အချစ်အကြောင်းလည်း ပါတယ်။ အိမ်ထောင်ရေး
ပဋိပက္ခတွေလည်း ပါတယ်။ ကိုယ်ချစ်တဲ့ ကောင်လေးက ပထမပိုင်းတော့ ကိုယ့်ကို
ပြန်မချစ်ဘူး။ နောက်ပိုင်း အိမ်ထောင်ကျသွားတဲ့ အခါမှာတော့ အိမ်ထောင်ရေး
ပဋိပက္ခတွေကြောင့် မျိုးက ရူးသွားတာပေါ့” လို့ မယ်လိုဒီက ပြောပြပါတယ်။
Romanson
နာရီနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတစ်ခုမှာ ပထမဆု ရခဲ့ရာက အနုပညာနယ်ပယ်ထဲ
ဝင်ရောက်လာခဲ့တဲ့ မယ်လိုဒီက ‘လော်မင်္ဂလာ’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရင်း
မျက်စိဝေဒနာကြောင့် ဆက်လက် ရိုက်ကူးခြင်း မပြုတော့ဘဲ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ
ဝန်းကျင်လောက်ကတည်းက ဇာတ်ကားတွေ မရိုက်တော့ဘူးလို့ မီဒီယာကို
ပြောဆိုခဲ့တာပါ။
The Voice Weekly
