13 September, 2013

မြွေဟောက်နှင့် မြွေမျိုးစုံ ၄၀၀ ကျော် မူဆယ် (၁၀၅)မိုင် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့နယ် (၁၀၅)မိုင် စစ်ဆေး ရေးဂိတ် တုန်ခန်ရွာအနီးတွင် စက်တင်ဘာ ၅ ရက်က ဌာနပေါင်းစုံပါဝင်သည့် တာဝန်ရှိစစ်ဆေးရေးအဖွဲ့များက တရုတ်ပြည်သို့ တရားမဝင်သယ်ဆောင်မည့် SURF ယာဉ်ပေါ်မှ မြွေဟောက်နှင့် မြွေမျိုးစုံထည့်ထားသည့်  စီဝိုင်စီရောင်စုံ
ပိတ်အိတ် ၂၆ အိတ်ကို သိမ်းဆည်းရမိသည်။

ယင်းအိတ်များထဲမှ မြွေဟောက် ၁၉၂ ကောင်၊  ငန်းစောင်း ၉၄ ကောင်၊ လင်းမြွေ ၁၃၂ ကောင် စုစုပေါင်း ၄၂၈ ကောင် တွေ့ရှိရပြီး  မြွေများကို မူဆယ်မြို့နယ် သစ်တောရုံးတွင် ခေတ္တ သိမ်းဆည်းထားသည်။ ယင်းသို့ သိမ်းဆည်းထားသော  မြွေများထဲမှ  မြွေဟောက်များကို စက်တင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီတွင် အမှတ်(၁) ဆေးဝါး စက်ရုံ(ရန်ကုန်)သို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။

“ဟို အရင်ကတော့ မြွေတွေမိပြီဆိုရင် သက်ဆိုင်ရာအဖွဲ့တွေက မြို့ရွာနဲ့ အလှမ်းဝေးတဲ့ သစ်တောတွေထဲ ပြန်လွှတ်ပေးကြတယ်၊ အဲဒီမြွေတွေကပွားများ လာပြီး ရွာတွေဘက်မှာ လူတွေနဲ့ နီးတဲ့နေရာတွေကို ရောက် လာတတ်ပြီး အထိတ်တလန့် ဖြစ်ကြရပါတယ်၊ အရင်က ဒီဒေသမှာ  အဆိပ်ရှိတဲ့မြွေမျိုး မတွေ့ရပါဘူး၊ အခုလို စနစ်တကျအပ်နှံ ဆောင်ရွက်တာ ကြားရတော့ ဝမ်းသာပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောပြသည်။   

(သိန်းဇော်-ရွှေလီဦး)
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

Thit Htoo Lwin