04 August, 2013

ဂီတလောကသို့ ပြန်ဝင်မည်မဟုတ်ဟု ဘရုစ်ဝီလီဆို

ဟောလိဝုဒ်ရဲ့ နာမည်ကျော်အက်ရှင် သရုပ်ဆောင်ကြီး ဘရုစ်ဝီလီက သူ့အနေနဲ့ တစ်ချိန်က အဆိုတော်တစ်ယောက် ဖြစ်ခဲ့ဖူးပေမယ့် လက်ရှိအချိန်မှာတော့ ဂီတလောကထဲကို ပြန်ဝင်ဖို့ လုံးဝအစီအစဉ် မရှိတော့ဘူးလို့ ပြောကြားခဲ့ကြောင်း contactmusic.com က သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ဇူလိုင်လထဲတုန်းက လန်ဒန်မြို့မှာ ကျင်းပပြုလုပ်တဲ့ သူ့ရဲ့ဇာတ်ကားသစ် RED 2 မိတ်ဆက်ပွဲမှာ ဘရုစ်ဝီလီက သူ့ရဲ့အသံဟာသိပ်ကို ပျင်းရိငြီးငွေ့စရာ ကောင်းတဲ့အတွက် အဆိုတော်အလုပ်ကို

ဘယ်တော့မှ ပြန်လုပ်တော့မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

Die Hard ဇာတ်ကားတွေနဲ့ မြန်မာပရိသတ်ကြားမှာ အက်ရှင်မင်းသားအဖြစ် နာမည်ကျော်ခဲ့တဲ့ ဘရုစ်ဝီလီဟာ ၁၉၈၀ လွန်နှစ်တွေတုန်းက Respect Yourself သီချင်းနဲ့ ဗြိတိန်ရဲ့ ဒုတိယမြောက် အရောင်းရဆုံး အဆိုတော်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသလို အမေရိကန် ပြည်ထောင်စုရဲ့ ထိပ်တန်း အဆိုတော် ငါးဦးမှာလည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့တဲ့အထိ အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ သူ့ရဲ့အသံကိုသူ နားမခံနိုင်တဲ့အတွက် ဘယ်တော့မှ သီချင်းဆိုတဲ့အလုပ်ကို ပြန်လုပ်မှာ မဟုတ်ဘူးလို့ ဘရုစ်ဝီလီက ဗြိတိန်သတင်းစာ တစ်စောင်ဖြစ်တဲ့ Yorkshire Post ကို ပြောကြားခဲ့ပါတယ်။

“ကမ္ဘာပေါ်မှာ အဆိုတော်ကောင်းတွေ အများကြီး ရှိပါတယ်။ အဲဒီတော့ သူတို့ပဲ အဲဒီအလုပ်ကို လုပ်တာကောင်းပါတယ်။ ကျွန်တော့်ရဲ့အသံက ကျွန်တော်တောင် နားမခံနိုင်ပါဘူး။ ကျွန်တော့်အသံက သိပ်ငြီးငွေ့ဖို့ ကောင်းပါတယ်” လို့ ဘရုစ်ဝီလီက ဆိုပါတယ်။

The Voice Weekly