ပုဂ္ဂလိက
ရုပ်ရှင်ရုံများ တည်ဆောက်ရာတွင် ရင်းနှီးမြှုပ်နှံရန် ကိုရီးယား၊
မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား လုပ်ငန်းရှင်များ လာရောက် ဆွေးနွေးမှုများ
ပြုလုပ်လျက်ရှိပြီး ဇာတ်ကားပြသမှု အချိုးအစားနှင့် ရုံပိုင်ရှင်နှင့်
ထုတ်လုပ်သူတို့ ရပိုင်ခွင့် အချိုးအစားများ နှင့်ပတ်သက်၍
အဓိက ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်ဟု သတင်းရရှိသည်။ ယင်းသို့
နိုင်ငံတကာ လုပ်ငန်းရှင်များ အနေဖြင့် ရုပ်ရှင်ရုံ တည်ဆောက်မှုတွင်
ရင်းနှီးမြှုပ်နှံရန် အတွက် ၂၀၁၃ ခုနှစ်အတွင်း လာရောက် ဆွေးနွေးမှုများ
ပြုလုပ်လျက် ရှိခြင်းဖြစ်သည်။
''ကိုရီးယား၊ မလေးရှား၊ လာအို၊
ကမ္ဘောဒီးယား လုပ်ငန်းရှင်တွေ ရုပ်ရှင်ရုံငယ်တွေ တည်ဆောက်မှုမှာ
ရင်းနှီးမြှုပ်နှံဖို့ လာရောက် ဆွေးနွေးနေပါတယ်။ အဓိကတော့
ရုပ်ရှင်ရုံငယ်တွေ ပါဝင်တဲ့ Cineplex တွေ တည်ဆောက်ဖို့ပါ။ ဒီလို
တည်ဆောက်ရာမှာ ရုပ်ရှင်ရုံတွေ အနေနဲ့ နိုင်ငံတကာ ဇာတ်ကားနဲ့ ပြည်တွင်း
ဇာတ်ကားတွေကို လွတ်လပ်စွာ ရုံတင်ပြသခွင့် ရှိမလား၊ ရုံတင်ပြသတဲ့ အပိုင်းနဲ့
ပတ်သက်လို့ ဘယ်လို ချုပ်ကိုင်ထားမှုတွေ ရှိလဲ။ ရုံပိုင်ရှင်နဲ့
ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူတွေနဲ့ ဘယ်လို အချိုးအစားနဲ့ ခွဲဝေယူကြလဲ
ဆိုတာတွေကို အဓိက မေးမြန်းဆွေးနွေး ကြတာပါ။ ကျွန်တော်တို့ ရုပ်ရှင်လုပ်ငန်း
အနေနဲ့ကတော့ ရင်းနှီးမြှုပ်နှံကြရာမှာ ကန့်သတ်လို့ မရပါဘူး'' ဟု
မြန်မာ့ရုပ်ရှင် လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က
ပြောကြားသည်။
''အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲရေးတွေ
လုပ်တဲ့အချိန်မှာ ကိုရီးယား ရင်းနှီးမြှုပ်နှံသူ တော်တော်များများ
ဝင်ရောက်လာပါတယ်။ အများအားဖြင့်တော့ စီးပွားရေးဆိုင်ရာ
ရင်းနှီးမြှုပ်နှံဖို့ပါ။ ကျွန်တော်တို့ အနေနဲ့ဒီမှာ ရုပ်ရှင်ရုံလုပ်ငန်း
ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားပါတယ်။ ကိုရီးယားမှာလည်း ကျွန်တော်တို့က
ရုပ်ရှင်ရုံလုပ်ငန်းနဲ့ ရုပ်ရှင်ကုမ္ပဏီကို ပူးတွဲလုပ်ကိုင်နေတာ
ဖြစ်တဲ့အတွက် ဒီမှာလည်း ရုပ်ရှင်ရုံလုပ်ငန်း လုပ်ကိုင်ဖို့ကို
လာရောက်လေ့လာတာပါ။ လောလောဆယ်တော့ Junction Square အပါအ၀င်
ရန်ကုန်မြို့မှာရှိတဲ့ cineplex တွေကို လေ့လာပြီးပါပြီ။ ကိုရီးယားနဲ့
မြန်မာနိုင်ငံမှာ ကွာခြားချက်က ကိုရီးယားမှာရှိတဲ့ Theater တစ်ခုဆိုရင်
Cineplex ဆယ်ရုံလောက် ရှိပါတယ်။ အဲဒီအတွက် ရုပ်ရှင်ကြည့်တဲ့ ပရိသတ်က
ကြိုက်တဲ့ဇာတ်ကားကို ရွေးချယ်ကြည့်ရုံပါပဲ။ ဒီမှာတော့ အများဆုံးမှ
သုံးရုံလောက်ပဲ ရှိတဲ့အတွက် အများကြီး နည်းနေပါသေးတယ်။ ဒါကြောင့်
ကျွန်တော်တို့ လုပ်တဲ့အခါမှာတော့ ရုပ်ရှင်ရုံ တစ်ရုံကို အနည်းဆုံး Cineplex
ဆယ်ရုံလောက် ပါတာမျိုး ဆောက်လုပ်သွားမှာပါ'' ဟု ကိုရီးယား ရုပ်ရှင်ကုမ္ပဏီ
Noble Assets မှ Director of New Project Development Team ဖြစ်သူ Young
Nae, Yoo က ပြောကြားသည်။
ရုပ်ရှင်ရုံငယ်များ ပါဝင်သည့် Cineplex
များ တည်ဆောက်ရန် အတွက် ကိုရီးယား၊ ကမ္ဘောဒီးယား၊ မလေးရှား
စသည့်နိုင်ငံများမှ ရုပ်ရှင်ကုမ္ပဏီများ၏ ရုံးခွဲများ စတင်ဖွင့်လှစ်လျက်
ရှိသည်ဟု သိရသည်။
EMG
Cineplex ရုပ်ရှင်ရုံများ ဖွင့်လှစ်ထားသည့် Junction Mawtin ကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးပြည့်စုံ)
