26 June, 2013

ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေး Master Plan ယခုနှစ်အတွင်း အပြီးသတ်ဖွယ်ရှိ

ကျန်းမာရေးဝန်ကြီးဌာနနှင့် လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် ပြင်ပ ပညာရှင်များ ပါဝင်သည့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေး ကော်မတီက ရေးဆွဲနေသော Master Plan ကို ယခုနှစ် အတွင်း အပြီးသတ် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေး ဦးစီးဌာန၊
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန်းညွန့်က The Voice သို့ ပြောကြားသည်။

အဆင့်မြှင့်တင်ရေးပိုင်းတွင် အဓိက အခက်အခဲသည် အဆောက်အအုံ ကြံ့ခိုင်ရေးပိုင်းဖြစ်ပြီး Master Plan ရေးဆွဲရာတွင်လည်း လက်ရှိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပင်မ အဆောက်အအုံ၏ ခိုင်ခံ့မှုအပေါ် မူတည် ကာ ရေးဆွဲရသည့်အတွက် နှောင့်နှေးမှုများရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

"အခုထိ လုပ်ငန်း စီမံချက်တောင် မရှိသေးဘူး။ ဘယ်တော့စမလဲ၊ ဘယ်တော့ပြီးမလဲ၊ ရန်ပုံငွေ ဘယ်လိုလုပ်မလဲ ဆိုတာတောင် မသဲကွဲသေး ဘူး" ဟု စီမံကိန်းကာလ အကြမ်းဖျင်း လျာထား သတ်မှတ်ထားသော်လည်း တိကျသေချာသော အစီအစဉ် သတ်မှတ်ချက် မရှိသေးသည်ကို ဒေါက်တာ မင်းသန်းညွန့်က ပြောဆိုသည်။

ရန်ကုန်ဆေးရုံကြီး ပြန်လည် ပြင်ဆင်သည့်အပိုင်းတွင် လူနာများ နေရာ အခက်အခဲ မဖြစ်စေရန် အဆိုပါ ဆေးရုံကြီးရှိသည့် လမ်းမတော် မြို့နယ် အတွင်း မင်းရဲကျော်စွာလမ်းရှိ မင်းရဲကျော်စွာ ကားဝင်းတွင် ဗြိတိန် အကူအညီဖြင့် ဆေးရုံ တစ်ရုံ ထပ်မံ ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း၊ အဆိုပါ ဆေးရုံသစ် ဆောက်လုပ်ပြီးမှသာ ဆေးရုံကြီး ပြင်ဆင်ရေးပိုင်း ဆက်လက် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း အဆိုပါဆေးရုံ အဆင့်မြှင့်တင်ရေး ကော်မတီဝင် ဒေါက်တာ တင်မျိုးဝင်းက ဆိုသည်။

ထို့အပြင် ဆေးရုံကြီး အဆင့်မြှင့်တင်ရေးပိုင်းတွင် အဆောက်အအုံပိုင်း တိုးချဲ့ရုံသာမက ဆေးရုံသုံး ပစ္ခည်းများ ဖြည့်ဆည်းခြင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၏ အရည်အသွေးပိုင်း တိုးမြှင့်ရေးတို့တွင်လည်း ဆောင်ရွက် သွားရန်ရှိကြောင်း ၎င်းက ရှင်းပြသည်။

လက်ရှိ ဆေးရုံကြီးအတွင်း သန့်ရှင်းရေးလုပ်ငန်းပိုင်း အားနည်းချက်ကြောင့် ဆရာဝန်များ၊ လူနာများနှင့် လူနာစောင့်များတွင် အခက်အခဲများရှိကြောင်း၊ ထို့အပြင် ဆေးရုံ နံဘေးရှိ လမ်းဘေး ဆိုင်ခန်းများမှ ညှော်နံ့များ၊ အစား အသောက် အညစ်အကြေးများမှ ထွက်သော အနံ့အသက်များကြောင့် လူနာများနှင့် လမ်းသွားလမ်းလာများကို အနှောင့်အယှက်ဖြစ်စေကြောင်း အဆိုပါဆေးရုံ တာဝန်ကျ ဆရာဝန်များက ဆိုသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးနှင့် ပြုပြင်ရေးအတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ငါးဘီလီယံ ချထားပေးပြီး လာမည့်နှစ် များတွင်လည်း ထပ်မံ ချထားပေးရန် စီစဉ်လျက်ရှိကြောင်း အဆိုပါဆေးရုံ ထံမှ သိရသည်။

ရလေး၊အောင်သော်ဖြိုး

The Voice Weekly