02 June, 2013

ဘာသာပေါင်းစုံ ကော်မတီ ထားဝယ်မှာ ဖွဲ့စည်း

တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ မကူးစက်လာစေဖို့အတွက် ဘာသာကြီးလေးခုက ကိုယ်စားလှယ် ၈ ဦးပါဝင်တဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဗဟိုကော်မတီတစ်ခုကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။ထားဝယ်မြို့ ဆိပ်ကမ်းသာခန်းမမှာ ပြုလုပ်တဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးမျက်နှာစုံညီတွေ့ဆုံပွဲမှာ ဖွဲ့စည်းလိုက်တာလို့ ကော်မတီဝင်တစ်ဦးက RFA ကို အခုလို ပြောပါတယ်။“ကျနော်တို့ ဒီကနေ့ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အခမ်းအနားတစ်ခုကို ကျင်းပခဲ့ပြီး ပဋိပက္ခမဖြစ်ပေါ် လာရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဗဟိုကော်မတီတစ်ခုကို အဖွဲ့ဝင် ၈ ယောက်နဲ့ ဖွဲ့စည်းနိုင်ခဲ့ပါတယ်၊ ဘာကြောင့်ဖွဲ့ရသလဲ ဆိုတော့ မြန်မာနိုင်ငံအနှံ့အပြားဖြစ်ပေါ်လာတဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများကို လေ့လာကြည့်တဲ့ အခါမှာ ဒေသခံတွေအချင်းချင်းစတင်ခဲ့တာမဟုတ်ပဲ တခြားဒေသကလူများက လာရောက်သွေးထိုး လှုံ့ဆော်ရာက စခဲ့လို့ပါပဲ၊ ဒါကြောင့် ကျနော်တို့ထားဝယ်ဒေသကို ဒီလိုပဋိပက္ခမဖြစ်နိုင်အောင်ကြိုတင် ပြီးတော့ စောင့်ကြည့်တားဆီးနိုင်အောင်ဖွဲ့လိုက်တာပါ”

ဘာသာရေး၊ လူမျိုးရေးနဲ့ ပက်သက်တဲ့ ပဋိပက္ခဖြစ်ပွားနိုင်တဲ့ အခြေအနေရှိခဲ့ရင် အဲဒီကော်မတီက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒီကနေ့အစည်းအဝေးကို ဘာသာကြီးလေးခုက ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဒေသခံ ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

RFA Burmese
See More