03 June, 2013

သြစီအမဲသားတွေကို အင်ဒို ပြန်ဝယ်ယူတော့မယ်

အင်ဒိုနီးရှားနိုင်ငံမှာ အမဲသား အလုံအလောက် ထုတ်လုပ်နိုင်စွမ်းရှိပြီလို့ဆိုပြီး ပြည်ပက ဝယ်ယူ တင်သွင်းမှု ၇၅% လျော့ချလိုက်ပေမယ့် ခုအခါမှာ ပြည်ပကနေ ဒေါ်လာ ၃၇ သန်း တန်ဖိုးရှိတဲ့ အမဲသားတွေကို ဝယ်ယူတင်သွင်းဖို့ အင်ဒိုနီးရှားအစိုးရက ကြိုးစားနေပါတယ်။ အင်ဒိုနီးရှားအစိုးရက ၂၀၁၀ ပြည့်နှစ်ကစပြီး သြစတြေးလျနိုင်ငံက အမဲသားနဲ့ နွားအရှင်ဝယ်ယူမှုကို သိသိသာသာ လျော့ချခဲ့ပါတယ်။
ဒါပေမယ့် အမဲသားတင်သွင်းမှု လျော့ချလိုက်ရာက အမဲသားဈေးနှုန်းတွေ အဆမတန် မြင့်တက်လာပြီးနောက် ပြည်ပကနေ ပြန်လည်တင်သွင်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မကြာခင် လပိုင်းမှာပဲ အစ္စလာမ်ဘာသာဝင်တွေအတွက် အရေးကြီးတဲ့ ရာမာဒန် ကာလရောက်လာမှာ ဖြစ်ပြီး အဲဒီအချိန်အတွင်း စားကောင်းသောက်ဖွယ်တွေ စားသုံးကြမှာ ဖြစ်တဲ့အတွက် အဲဒီပွဲတော်မတိုင်ခင် အမဲသား အလုံအလောက်ရရှိအောင် အင်ဒိုနီးရှားအစိုးရက ကြိုးစားနေတာ ဖြစ်ပါတယ်။

ဘယ်အချိန်အထိ ဝယ်ယူတင်သွင်းမှုတွေ လုပ်မလဲဆိုတာ မသိရသေးပေမယ့် ဒီနှစ်ကုန်အထိ အရေအတွက် ကန့်သတ်မှု မရှိပဲ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံဆီက ဝယ်ယူတင်သွင်း သွားမယ်လို့ သိရပါတယ်။

သြစတြေးလျနိုင်ငံက နွားအရှင်တွေကို အင်ဒိုနီးရှားနိုင်ငံက သားသတ်ရုံတွေ ရက်စက်စွာ သတ်ဖြတ်ကြောင်း အေဘီစီက ထုတ်လွင့်ပြီးနောက်ပိုင်း သြစတြေးလျ အစိုးရက အင်ဒိုနီးရှားနိုင်ငံကို နွားအရှင် မရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ပြန်လည်ရောင်းချခွင့် ပေးလိုက်ပေမယ့် အင်ဒိုနီးရှားအစိုးရက မိမိတို့နိုင်ငံမှာ အမဲသား အလုံအလောက် ထုတ်လုပ်နိုင်ပြီ ဖြစ်တဲ့အတွက် ဝယ်ယူမှုကို

၇၅ % လျော့ချမယ်လို့ ပြောခဲ့ရာက တကယ်လုံလောက်မှု မရှိတဲ့အတွက် ခုအခါမှာ ပိုမို ပြန်လည် ဝယ်ယူတာ ဖြစ်ပါတယ်။

ABC Radio Australia
အမဲသား တင်သွင်းမှု လျော့ချရာက အမဲသားဈေးနှုန်းတွေ မဆမတန် မြင့်တက်မှုကြောင့် တင်သွင်းမှု ပြန်လုပ်ရတာဖြစ်ပါတယ်။