04 June, 2013

ဘီဘီစီ မြန်မာပိုင်း မိုဘိုင်းဖုန်းမှ တဆင့် သတင်းရောင်းမည်

မိုဘိုင်းဖုန်း မှတဆင့် တရက်လျှင် နှစ်ကြိမ် သတင်းနားထောင်နိုင်မည့် သတင်းရောင်းချသည့် ဝန်ဆောင်မှုကို ဘီဘီစီ ရေဒီယို မြန်မာပိုင်းက စတင် ဆောင်ရွက်နေပြီဟု ယင်းဝန်ဆောင်မှုကို လုပ်ပေးသည့် Blue Ocean Operating Management ကုမ္ပဏီ၏ မန်းနေဂျင်း ဒါရိုက်တာ ဦးထွန်းထွန်းနိုင် က ဇွန် ၃ ရက်တွင်ပြောကြား လိုက်သည်။ ဘီဘီစီ၏ အသံလွှင့် သတင်းလွှာကို မနက် ၈ နာရီတွင် တကြိမ်၊ ညနေ ၆ နာရီ မိနစ် ၃၀ တွင် တကြိမ် မိုဘိုင်းဖုန်း များသို့ ပို့ပေးသွားမည်ဖြစ်ပြီး ရယူလိုပါက မိမိ၏ မိုဘိုင်းဖုန်းဖြင့် ဖုန်းနံပါတ် ၀၁-၂၃၉၉၆၀၀ ကို ခေါ်ယူရကာ ညွှန်ကြားချက်အတိုင်း ပြုလုပ်ရမည်ဟု ဆိုသည်။

ထို အသံလွှင့်သတင်းလွှာအတွက် တကြိမ်လျှင် ၃၀ ကျပ်ဖြင့် တရက်လျှင် ၆၀ ကျပ် ကျသင့်မည် ဖြစ်သည်။

“ဝန်ဆောင်ခနှုန်းထားကတော့ သုံးစွဲတဲ့သူရဲ့ တုန့်ပြန်မှုပေါ်မှုတည်ပြီး ပြန်လည် စဉ်းစားသင့်ရင် စဉ်းစားမယ်” ဟု ဦးထွန်းထွန်းနိုင် က မဇ္ဈိမကို ပြောသည်။ လတ်တလောတွင် မိုဘိုင်းဖုန်း အသံသတင်းလွှာရယူမှုကို ၁,၅၀၀ ကျပ်တန် ဆင်းကဒ် အသုံးပြုသည့် ဖုန်းများအတွက် အသုံးပြုနိုင်မည်မဟုတ်သေးဘဲ တလခန့် ကြာမြင့်မှသာ စတင် သုံးနိုင်မည်ဟု ဆိုသည်။

ထို မိုဘိုင်းဖုန်း အသံသတင်းလွှာသည် တကြိမ်လျှင် ၁ မိနစ်ခွဲခန့် ကြာမြင့်မည်ဖြစ်ပြီး အခါအားလျော်စွာ ကြားဖြတ် သတင်းများလည်း ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး ပြည်တွင်းနှင့် ကမ္ဘာ့သတင်း၊ အားကစားသတင်းလည်း ပါဝင်မည်ဟု ဦးထွန်းထွန်းနိုင် က ဆက်လက် ရှင်းပြသည်။

ဘီဘီစီရေဒီယို မြန်မာပိုင်း အစီအစဉ်သည် မြန်မာနိုင်ငံ၌ စုစုပေါင်း ပရိသတ် ရှစ်သန်းကျော် ရှိသည်ဟု အဆိုပါ သတင်း ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

Mizzima News