08 June, 2013

ရတနာပုံတယ်လီပို့မှ တယ်လီဖုန်း အော်ပရေတာအဖြစ် စတင်ဆောင်ရွက် ပါက တယ်လီဖုန်းကတ်များ အခမဲ့ပေးမည်

ရတနာပုံတယ်လီပို့ ကုမ္ပဏီမှ တယ်လီဖုန်းအော်ပရေတာအဖြစ် လုပ်ငန်းစတင်လုပ်ကိုင်ပါက တယ်လီဖုန်းလိုင်းကတ်များ အခမဲ့ပေးဝေသွားရန် အစီအစဉ်ရှိကြောင်း ရတနာပုံတယ်လီပို့ ဒုတိယဥက္ကဋ္ဌ ဦးရန်ဝင်း၏ ပြောကြားချက်အရ သိရသည်။ “လုပ်ငန်းစပြီဆိုတာနဲ့ ဖုန်းကတ်တွေကို အလကားဝေပေးသွားဖို့ ရည်ရွယ်ထားတာရှိပါတယ်။ ဘယ်လောက်အတိုင်းအတာထိ ပေးမလဲဆိုတာ ကတော့ အန်ကယ်တို့လည်း အခု နိုင်ငံခြားက Consultant လုပ်မယ့် သူတွေကို ဖိတ်ခေါ်ထားတာ ရှိတယ်။ သူတို့ ထဲက ကုမ္ပဏီတစ်ခုကို ရွေး ပြီးတော့ နောက်ပိုင်းလုပ်ငန်းလုပ်မယ့် လုပ်ငန်းတွေအားလုံးကို သူတို့ Consultant အဖွဲ့နဲ့ အန်ကယ်တို့ဘက်က ပညာရှင်တွေ ပူးပေါင်းပြီး တော့ တိုင်ပင်ပြီးရင် လုပ်ဆောင်သွားမှာပါ” ဟု ဒုတိယဥက္ကဌ ဦးရန်ဝင်းက
ပြောကြားသည်။

မြန်မာနိုင်ငံတွင် အစိုးရမှ တယ်လီဖုန်းအော်ပရေတာ လုပ်ငန်း လုပ်ကိုင်ရန်အတွက် နိုင်ငံခြားမှ ကုမ္ပဏီ ၂ခု နှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီ ၂ခုတို့ကို ရွေးချယ်မည်ဖြစ်ရာ တယ်လီဖုန်းအော်ပရေတာဖြစ်ရန် ချမှတ်ထားသော စည်းကမ်းသတ်မှတ်ချက်များမှာလည်း အတူတူဖြစ်ကြောင်း သိရ သည်။

“နိုင်ငံခြားကုမ္ပဏီကြီး ၂ခုနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့တွေ အများကြီး ကြိုးစားရမှာ ဖြစ်ပါတယ်။ တယ်လီဖုန်းအော်ပရေတာရ မယ့် ကုမ္ပဏီ ၄ခုကလည်း ကိုယ့်မိုဘိုင်းကွန်ယက်ကို ကိုယ်ကောင်းအောင် လုပ်ရမယ်။ ကျွန်တော်တို့ ရတနာပုံတယ်လီပို့ကလည်း မိုဘိုင်းကွန် ယက်တွေကို ဒီထက်ပိုကောင်းအောင်ကြိုးစားရမှာပါ။ ဒီလိုမှကောင်းအောင် မလုပ်နိုင်ရင် ကိုယ့် မိုဘိုင်းကွန်ယက်ကို သုံးစွဲသူမရှိဘူး ဖြစ်သွား မယ်။
နိုင်ငံခြားကုမ္ပဏီကြီး နှစ်ခုနဲ့ ယှဉ်ပြိုင်ရမယ်ဆိုတော့ တော်တော်တော့ ကြိုးစားရမှာ ဖြစ်ပါတယ်။” ဟုရတနာပုံတယ်လီပို့ ဒုဥက္ကဋ္ဌ ဦးရန်ဝင်းက
ပြောကြားသည်။

The Myanmar Age