12 June, 2013

တရုတ်သို့လူကုန်ကူးသူအား ဖမ်းဆီအရေးယူ

လားရှိုးမြို့၌ ဒေသခံတစ်ဦး၏ သတင်းပေးချက်အရ လူပွဲစားတစ်ဦးကို လာရှိုးလူကုန်ကူး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဇွန်လ ၁၁ရက်နေ့တွင် ဖမ်းဆီး အရေးယူထားကြောင်း ၎င်းရဲဌာနမှ သိရသည်။ လူကုန်ကူးမှုဖြင့် အဖမ်းခံရသူ မအေးစံဆိုသူသည် လားရှိုးမြို့နယ်၊ ကောင်းစံကျေးရွာတွင် နေထိုင်ပြီး မိုင်းပျဉ်းကျေးရွာမှ အသက်(၁၇)အရွယ် မနန်းအေးရှန်ကို ခြံလုပ်ငန်း လုပ်ရန်ဟုဆိုကာ တရုတ်ပြည်သို့ လွန်ခဲ့သော မေလပိုင်းက ခေါ်ဆောင်သွားခဲ့ကြောင်း၊ ဇွန်လနှစ်ရက်နေ့တွင် မအေးစံပြန်လည် ရောက်လာပြီး ငွေတစ်ဆယ့်ငါးသိန်းနှင့် တရုတ်လက်ကိုင်ဖုန်း တစ်လုံးကို မနန်းအေးရှန်၏ မိခင်ဒေါ်အေးနွန်ထံသို့ လာပေးကြောင်း၊ မိခင်မှ သမီးဖြစ်သူ ပါမလာ၍ မေးရာ တရုတ်ပြည်တွင် တရုတ်လူမျိုး ရှောက်ဟန်ဆိုသူနှင့် လက်ထပ်သွားပြီဟု ပြောပြကြောင်း၊ မိခင်ဒေါ်အေးနွန်မှာ သမီးအတွက် စိုးရိမ်သောကဖြစ်ကာ သက်ဆိုင်ရာဌာနသို့ အကူအညီတောင်း တိုင်ကြားခဲ့ကြောင်း သိရသည်။

လားရှိုးလူကုန်ကူး တားဆီးနှိမ်နင်းရေး အဖွဲ့မှ ယင်းလူပွဲစား မအေးစံရွာသို့ လိုက်သွားပြီး ကျေးရွာအုပ်ချုပ်ရေးမှုး အိမ်၌ သက်သေများနှင့်အတူ မအေးစံအား ခေါ်ယူစစ်ဆေးရာ တရုတ်ပြည်သို့ လိမ်လည်ခေါ်သွားခဲ့ကြောင်း၊ တရုတ်ယွမ်ငွေ သုံးသောင်းရှစ်ထောင်ဖြင့် တရုတ်လူမျိုး ရှောက်ဟန်မှ ၀ယ်ယူ လက်ထပ်ထားကြောင်း၊ တရုတ်နိုင်ငံသား ပွဲစားတစ်ဦးနှင့်လည်း အကျိုးအမြတ် ပေါင်းယူခဲ့ကြောင်းကို လူပွဲစား၏ ၀န်ခံထွက်ဆိုချက်အရ သိရသည်။

ထို့ကြောင့် လားရှိုးလူကုန်ကူး တားဆီနှိမ်နင်းရေးအဖွဲ့မှ ရဲအုပ်ဝင်းညွန့်က ဥပဒေအတိုင်း တရားလိုပြုလုပ်၍အမှုဖွင့် တိုင်တန်းရာ လားရှိုးမြို့မ ရဲစခန်းမှ (ပ)၂၈၆/၁၃ လူကုန်ကူး ဥပဒေပုဒ်မ၂၄ဖြင့် အမှုဖွင့်အရေးယူထား
ကြောင်း သိရသည်။

ယင်းနောက် လူကုန်ကူးခံရသူ မနန်းအေးရှန်အား ကူညီရှာဖွေစုံစမ်းနိုင်ရန် မူဆယ်မြို့ သက်ဆိုင်ရာဌာနသို့ ချိတ်ဆက်ထားသည်ဟု လားရှိုးရဲတပ်ဖွဲ့မှ တဆင့် သိရသည်။

မြန်မာ့ခေတ်