ရန်ကုန်မြို့တော်ခန်းမအနီး
မဟာဗန္ဓုလ လမ်းမပေါ်တွင် တည်ရှိသည့် ရိုးလ် (Rowe & Company)
ကုန်တိုက်အဖြစ် ဖွင့်လှစ်ခဲ့သော လ.ဝ.က အဆောက်အအုံကို Max Myanmar ကုမ္ပဏီက
ပြုပြင်၍ ဧရာဝတီဘဏ်နှင့် ရုံးခန်း ပူးတွဲ ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါ
ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်က The Voice သို့ ပြောကြားသည်။ကိုလိုနီခေတ်တွင် နာမည်ကျော် ရိုးလ်ကုန်တိုက်အဖြစ် ဖွင့်လှစ်ခဲ့သော
အဆောက်အအုံကို ဂျာမနီ ဗိသုကာပညာရှင်၊ ပြည်တွင်း ဗိသုကာ ပညာရှင် များနှင့်
ရှေးဟောင်း
အဆောက်အအုံဆိုင်ရာ အဖွဲ့အစည်းများ၏ အကြံဥာဏ်များ ရယူကာ
ပြုပြင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါ ရှေးဟောင်း
အဆောက်အအုံ ပြုပြင်မှု လိုင်စင်ကို ဇွန်လ ၁၉ ရက်နေ့ တွင် ရရှိခဲ့သဖြင့်
ရှေးမူလလက်ရာ မပျက်စေဘဲ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ တွင် အပြီး
ပြုပြင်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရှိရသည်။
"ရှေးဟောင်း
အဆောက်အအုံတွေကို အနုပညာရဲ့ တန်ဖိုးသိပြီး အနုစိတ် ကိုင်တွယ်
ပြုပြင်ဖို့လိုပါတယ်" ဟု မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ
ဦးဆန်းဦးက ပြောကြားသည်။
ရိုးလ်ကုန်တိုက်ကို တာဝန်ယူ
ပြင်ဆင်နေသည့် ဗိသုကာ ပညာရှင်များနှင့် ရန်ကုန် မြို့ ပြအမွေအနှစ်
ထိန်းသိမ်းရေးအဖွဲ့ (Yangon Heritage Trust) တို့ တွေ့ဆုံခြင်း၊ မှတ်တမ်း
မှတ်ရာများကို ရှာဖွေပေးခြင်း၊ အကြံပေးခြင်း များ ပြုလုပ်ခဲ့ကြောင်း
အဆိုပါအဖွဲ့မှ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ပြော ကြားသည်။
အနောက်နိုင်ငံထုတ် ကုန်ပစ္စည်းမျိုးစုံကို ရရှိနိုင်သော အရှေ့တောင်အာရှ၏
အကြီးဆုံး ကုန်တိုက်အဖြစ် နာမည် ကျော်ကြားခဲ့သည့် ရိုးလ်ကုန်တိုက်ကို ၁၉၁၀
ပြည့်နှစ်ခန့်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး နေဝင်း
ဦးဆောင်သော တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်တွင် ပြည်သူပိုင်
သိမ်းဆည်းခဲ့သည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီ အစိုးရ၏ လက်ထက် တွင် လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်သူ့အင်အား ဦးစီးဌာနရုံး အဖြစ်
ပြောင်းလဲခဲ့ပြီးနောက် ပုဂ္ဂလိကလက်သို့ လွှဲပြောင်း ခဲ့ခြင်းဖြစ်သည်။
ဧရာဝတီဘဏ်သည် နိုင်ငံတစ်ဝန်း၌ ဘဏ်ခွဲ ၃၈ ခု ဖွင့်လှစ်ထားသည်။
စွပ်ရိန်၊ ဥမ္မာလွင်
The Voice Weekly