20 June, 2013

ကျောက်ဖြူရှိ ရခိုင်ဒုက္ခသည်များ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်လို

ကျောက်ဖြူမြို့ရှိ ရခိုင်ဒုက္ခသည်များမှာ မိမိတို့၏ ဘ၀ရပ်တည်ရေးအတွက် ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို လုပ်ကိုင်လိုသော်လည်း အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ဒုက္ခသည်စခန်း အုပ်ချုပ်ရေး ကော်မတီဝင် ဦးကျော်နုက ပြောကြားခဲ့သည်။"ရခိုင်တွေမှာ WFP တစ်ခုတည်းကပဲ တစ်နေ့ကို လူတစ်ယောက်အတွက် ဆန်တစ်ဘူး ပိုပိုပဲ ရတယ်။ ရေရှည်ဘ၀ ရပ်တည်ရေးအတွက် လုပ်ငန်းတစ်ခု ထူထောင်ဖို့ လိုအပ်နေတယ်လို့ သက်ဆိုင်ရာကို ပြောပေမယ့် ဘာတစ်ခုမှ ဖြစ်မလာဘူး။
အနာဂတ်ကတော့ မရေရာဘူး" ဟု ဦးကျော်နုက ဆိုသည်။

ကော်မတီဝင် ဦးကျော်နုက "မီဒီယာ တချို့က ရခိုင်ဒုက္ခသည် စခန်းမှာ လုံလောက်မှု မရှိတာကို ဖော်ပြတော့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် လာကြည့်တယ်။ မီဒီယာ ဖော်ပြချက်တွေနဲ့ လက်တွေ့ကိုက်ညီ နေတာကြောင့် အမြန်ဆုံး ဖြည့်ဆည်းပေးဖို့ ညွှန်ကြားခဲ့တယ်။ လျှပ်စစ်မီးတော့ တပ်ပေးပါရဲ့။ ကျန်တာဘာမှမလုပ်ပေးသေးဘူးဗျ" ဟု ရှင်းပြသည်။

ကျန်းမာရေးနှင့် ပတ်သက်၍ ဆေးခန်းမရှိသည့်အပြင် ရေမသန့်ရှင်းမှုကြောင့် ၀မ်းလျှော၊ ၀မ်းပျက်ရောဂါများ မကြာခဏ ဖြစ်ပွားနေသလို ဒုက္ခသည် ၂၅၃ ဦး နေထိုင်သည့် ရခိုင်ဒုက္ခသည် စခန်းအတွက် အိမ်သာ ၅ ခုသာရှိ၍ အဆင်မပြေ ဖြစ်ရကြောင်းကိုလည်း ဒုက္ခသည်များက ပြောပြသည်။

ရခိုင်ဒုက္ခသည်စခန်းတွင် ရှစ်ခန်းတွဲ တဲအိမ်ရှစ်လုံးရှိ၍ အခန်းပေါင်း ၆၄ ခန်းရှိပြီး အခန်းမှာ ၁၀ ပေပတ်လည်သာ ရှိသဖြင့် မိသားစုတစ်စုကို ပျမ်းမျှ လူခုနစ်ဦး နေထိုင်ရန် ကျဉ်းမြောင်းနေကြောင်း ဒုက္ခသည် ကျောင်းသားမိဘ တစ်ဦးက ပြောကြားသည်။

EMG
ကျောက်ဖြူမြို့ရှိ ကယ်ဆယ်ရေးစခန်း တစ်ခု၌ နေထိုင်ကြသော ရခိုင်တိုင်းရင်းသား မိသားစုအား တွေ့ရစဉ်