လွှတ်တော်က စက်မှုဇုန်များသို့ ကွင်းဆင်းလေ့လာရာတွင် အလုပ်သမားများအား
ခေါင်းပုံဖြတ်မှုများနှင့် အဓမ္မ ခိုင်းစေမှုများကို တွေ့ရှိနေရကြောင်း
ပြည်ထောင်စုလွှတ်တော် အလုပ်ရှင် အလုပ်သမား အခွင့်အရေး လေ့လာရေး ကော်မရှင်မှ
ဒေါက်တာမြတ်ဥာဏစိုးက ပြောကြားခဲ့သည်။လွှတ်တော် ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်
အလုပ်ရှင် အလုပ်သမား အခွင့်အရေး လေ့လာရေး ကော်မရှင် အနေဖြင့်
မေလဆန်းပိုင်းမှစ၍ လှိုင်သာယာ၊ အင်းစိန်၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း
စသည့်စက်မှုဇုန်များသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
"ကွင်းဆင်းလေ့လာတဲ့ အခါမှာ အလုပ်ရှင်တွေဘက်က အခက်အခဲတွေကို ပြောရရင်
စက်မှုဇုန်တွေကို ၂၄ နာရီ မီးဖြတ်ထားတဲ့ အခြေအနေမျိုး၊ စက်မှုဇုန် မြေတွေကို
အမည်ခံ ၀ယ်ယူထားတဲ့ သူတွေဆီက ငှားရမ်းအသုံးပြု နေရတာကြောင့် ငှားရမ်းစရိတ်
အဆမတန် တက်တာတွေ ရှိတယ်။ နောက်ပြီး အလုပ်သမားတွေဘက်က ပြောရမယ်ဆိုရင် အခြေခံ
လစာကို သုံးသောင်းလောက်ပဲရပြီး အခြားအိုတီကြေးတို့ အခြားအကြောင်း
အရာတို့နဲ့ပေါင်းမှ အများဆုံး ရှစ်သောင်းလောက်ပဲ ရတယ်။ အလုပ်သမားတွေက
ခေါင်းပုံဖြတ်ခံ ရသလို ဖြစ်နေတယ်။ အခြေခံလစာက အင်မတန် နည်းတဲ့အတွက် နေရေး၊
စားရေး အဆင်ပြေအောင် အချိန်ပို ဆင်းရတယ်။ တစ်နေ့ကို ၁၂ နာရီကနေ ၁၆ နာအထိ
အလုပ်လုပ် နေရတာတွေ ရှိတယ်။ ဒါက အဓမ္မခိုင်းစေမှု သဘောကို သက်ရောက်နေတယ်" ဟု
ပြည်ထောင်စုလွှတ်တော် အလုပ်ရှင် အလုပ်သမား အခွင့်အရေး လေ့လာရေး ကော်မရှင်မှ
ဒေါက်တာမြတ်ဥာဏစိုးက ပြောကြားခဲ့သည်။
အဆိုပါ ကော်မရှင် အနေဖြင့်
ကွင်းဆင်းလေ့လာရာတွင် ရရှိလာသော အချက်အလက်များကို လာမည့်
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ပြီး ပြည်ထောင်စု
လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
ပြည်ထောင်စုလွှတ်တော် အလုပ်ရှင် အလုပ်သမား အခွင့်အရေး လေ့လာရေး ကော်မရှင်အား
အလုပ်ရှင် အလုပ်သမားကြား ဖြစ်ပွားနေသော ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့်
အလုပ်သမားများ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိစေရန် ရည်ရွယ်ဖွဲ့စည်း
ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
EMG
ရွှေပြည်သာ မြို့နယ်ရှိ
စံကောင်းစက်ရုံသို့ လွှတ်တော်မှ တာဝန်ရှိသူများ လာရောက်မည်ဆိုသည့် ဇွန် ၃
ရက်က အလုပ်သမားများ စက်ရုံရှေ့တွင် စောင့်ဆိုင်းနေစဉ် (ဓာတ်ပုံ-ဥမ္မာအောင်)
