20 June, 2013

တာလီဘန်အဖွဲ့နဲ့ အမေရိကန်တို့ ဒီကနေ့ တွေ့ဆုံမယ်

အာဖဂန်နစ္စတန်အရေးကိစ္စကို ဖြေရှင်းဖို့ အမေရိကန်အစိုးရနဲ့ တာလီဘန်အဖွဲ့တို့ ကာတာနိုင်ငံမှာ ဒီနေ့ တွေ့ဆုံနိုင်တယ်လို့ သိရပါတယ်။
အာဖဂန်နစ္စတန် ပြည်တွင်းရေးကိစ္စကို ဖြေရှင်းဖို့ အမေရိကန်နဲ့ တာလီဘန်တို့ တွေ့ဆုံမှာဖြစ်ပြီး အဲဒီအတွက် တာလီဘန်အဖွဲ့က ကာတာနိုင်ငံ ဒိုဟာမြို့မှာ တရားဝင် ရုံးဖွင့်လှစ်ထားပြီလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီဆွေးနွေးမှုမှာ အာဖဂန်နစ္စတန်အစိုးရ ဦးဆောင်ခွင့်မရတဲ့အတွက် ဆွေးနွေးမှုမှာ ဝင်ရောက် ပါဝင်မှာ

မဟုတ်ဘူးလို့ သိရပါတယ်။

အာဖဂန်နစ္စတန်အစိုးရက ဒီဆွေးနွေးမှုကို ဦးဆောင်လိုပေမယ့် တာလီဘန်အဖွဲ့က အမေရိကန်နဲ့ တိုက်ရိုက်ဆက်သွယ် ဆွေးနွေးမှုလုပ်မှာဖြစ်တဲ့အတွက် အာဖဂန်နစ္စတန်အစိုးရက အမျက်ဒေါသထွက်နေတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေကြောင့် ၂၀၁၄ ခုနှစ်မှာ နေတိုးမဟာမိတ်အုပ်စုအဖွဲ့ အာဖဂန်နစ္စတန်နိုင်ငံကနေ ထွက်ခွာပြီး အဲဒီနောက်ပိုင်း အမေရိကန်စစ်သားတွေ အာဖဂန်နစ္စတန်နိုင်ငံမှာ ဆက်ထားမထားဆိုတဲ့ကိစ္စ ဆွေးနွေးဖို့ကို ဖျက်သိမ်းလိုက်ပြီလို့လည်း အာဖဂန်အစိုးရက တုန့်ပြန်လိုက်ပါတယ်။

ကာတာနိုင်ငံမှာ တာလီဘန်ရုံးဖွင့်လှစ်လိုက်တာဟာ တာလီဘန်အဖွဲ့ကို တရားဝင်ဖြစ်ကြောင်း အသိအမှတ်ပြုလိုက် သလိုဖြစ်ပြီး အမေရိကန်က တာလီဘန်ကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြောခဲ့ဖူးတယ်လို့ အာဖဂန်အစိုးရက ဝေဖန် ပြောဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ တာလီဘန်အဖွဲ့တို့ဟာ ၂၀၁၂ ခုနှစ် တုန်းကလည်း တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် အောင်မြင်မှုတွေ မရခဲ့ဘူးလို့လည်း သိရပါတယ်။

radioaustralia
US forces are still battling Taliban fighters in Afghanistan