30 May, 2013

နိုင်ငံခြားသား တည်းခိုရန် Home Stay အတွက် စနစ်တကျဖြစ်ရန် လို

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် Home Stay ကို ခွင့်ပြုလျှင် စနစ်တကျဖြစ်ရန် လိုအပ်သည်ဟု ဒေသခံ ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။“ပြည်ပနိုင်ငံ အကူအညီနဲ့ အစီအစဉ်တွေ ရေးဆွဲနေတယ်လို့ ကြားပါတယ်။ အခုချိန်အထိတော့ တိကျတဲ့ အစီအစဉ် မရှိသေးပါဘူး။ Home Stay အတွက် ခွင့်ပြုမှုအတွက် ဥပဒေက မထွက်သေးပါဘူး။ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ရင် စနစ်တကျ ခွင့်ပြုစေချင်ပါတယ်” ဟု ဟိုတယ်လုပ်ငန်းရှင်များအသင်း (တောင်ကြီးဇုန်) အတွင်းရေးမှူး ဦးအောင်ကျော်မိုး က ပြောသည်။ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ဂျာမနီနိုင်ငံအကူအညီဖြင့် လွန်ခဲ့သော လများကတည်းက စီမံကိန်းများ ရေးဆွဲနေပြီ ဖြစ်သည်။အင်းလေးဒေသတွင် တရားဝင် ခွင့်ပြုချက် မရှိဘဲ နိုင်ငံခြားသားများအား လက်ခံတည်းခိုစေမှုများ ရှိနေသည့် အပေါ် “စနစ်တကျ လုပ်သင့်ပါတယ်။ သူများနိုင်ငံတွေမှာက Home Stay ဆိုရင် ဈေးပိုပေး ရပါတယ်။ အခု ကျတော့ သက်ဆိုင်ရာ ခွင့်ပြုချက် မရှိဘဲ ဈေးပေါပေါနဲ့ တည်းခိုခွင့် ပြုနေတာမျိုးတွေ ဖြစ်နေတယ်။ ဒါကို ကြပ်ကြပ်မတ်မတ် မလုပ်ရင် သိပ်မကြာခင်မှာပဲ မျက်လုံးပြာပြာလေးတွေ၊ ဆံပင်နီနီလေးတွေနဲ့ ကလေးတွေ
တွေ့လာရနိုင်ပါတယ်” ဟု ဒေသခံတဦးဖြစ်သူ ဦးတင်ထွန်း က စိုးရိမ်ပြောဆိုသည်။

အင်းလေး ဒေသတွင် ဟိုတယ် အလုံးပေါင်း ၅၀ ကျော်မှ အခန်းပေါင်း ၁,၅၀၀ ခန့်ဖြင့် လည်ပတ်လုပ်ကိုင် လျက် ရှိပြီး ၂၀၁၂-၁၃ ခရီးသွားရာသီတွင် နိုင်ငံခြားသားဧည့်သည် ၁၅,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ သည်။