လှိုင်သာယာစက်မှုဇုန်ရှိ Esquare ဖိနပ်စက်ရုံ၌ ဆန္ဒထုတ်ဖော်သော အလုပ်သမား ၂၀၀ ကျော်အား အလုပ်ရှင်က အလုပ်ထုတ်ပယ်ခဲ့ကြောင်း သိရသည်။ထိုသို့ ထုတ်ပယ်ခံရခြင်းမှာ လွှတ်တော်က အတည်ပြုခဲ့ပြီးသော အလုပ်ရှင်နှင့်
အလုပ်သမား အခွင့်အရေး ကော်မရှင်ထံ Esquare ဖိနပ်စက်ရုံရှိ အလုပ်သမား
ခေါင်းဆောင်များမှ နစ်နာချက်များ၊ လိုအပ်ချက်များအား သက်ဆိုင်ရာ
မြို့နယ်မှတစ်ဆင့် စာပို့ခဲ့ပြီးနောက် အလုပ်ရှင်မှ ထုတ်ပယ်ကြောင်း
ပြောကြားခဲ့သည်ဟု သိရသည်။
ယင်းမှတစ်ဆင့် ထုတ်ပယ်လိုက်သော
အလုပ်သမားခေါင်းဆောင် ငါးဦးအား စက်ရုံ၌ ပြန်လည်ခန့်အပ်ရန် အလုပ်သမား ၂၀၀
ခန့်က စက်ရုံရှေ့၌ မေ ၂၀ မှစတင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မေ ၂၄ ရက်တွင်မူ
၎င်းဆန္ဒ ထုတ်ဖော်ခဲ့သူများပါ အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း ယင်းစက်ရုံ
အလုပ်သမားများအရေး ဆောင်ရွက်ပေးနေသူ ရှေ့နေဦးဌေးထံမှ သိရသည်။
အလုပ်သမားများအား ထုတ်ပယ်လိုက်ခြင်း မဟုတ်ကြောင်းနှင့် ဆန္ဒထုတ်ဖော်ခဲ့သော
အလုပ်သမားများအား ပြန်လည်ခန့်အပ်သွားရန် အသင့်ရှိကြောင်း၊ ထုတ်ပြန်ထားသော
သတိပေးစာများအား သုံးကြိမ်ထိ ထုတ်ပေးမည်ဖြစ်ပြီး ကျော်လွန်၍
ရောက်မလာသူများကို မိမိသဘောအလျောက် ထွက်သည်ဟု ယူဆသွားမည်ဖြစ်ကြောင်း
စက်ရုံတာဝန်ရှိသူများထံမှ သိရသည်။
Esquare ဖိနပ်စက်ရုံမှ မန်နေဂျာ
ကိုဖိုးဇော်က "ကျွန်တော်တို့ သူတို့ကို ပြန်လည်ခန့်ဖို့အတွက်
စက်ရုံရှေ့မှာ စာကပ်ပြီး ထားပါတယ်။ အလုပ်ထုတ်ပစ်လိုက်တာ မဟုတ်ပါဘူး။
သူတို့က နားလည်မှု မရှိတာပါ" ဟု ဆိုသည်။
စက်ရုံရှေ့၌ ကပ်ထားသော
စာအတွင်းရှိ ပါရှိသော အကြောင်းအရာများမှာ မေ ၂၆ ရက်ထိ နောက်ဆုံးထား
လက်ခံသွားမည်ဖြစ်ကြောင်း၊ ပြန်လည်ဝင်ရောက်လာသော စက်ရုံအလုပ်သမားများ
အနေဖြင့် စည်းမျဉ်းစည်းကမ်းအရ ဆန္ဒထုတ်ဖော်သည့် နေ့များတွင်
ပျက်ကွက်အနေဖြင့် လစာတွင်ထည့်သွင်း ဖြေရှင်းပေးသွားမည် မဟုတ်ကြောင်းနှင့်
အလုပ်သမား အဖွဲ့အစည်း၏ ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်း နည်းဥပဒေအရ
မည်သည့်အလုပ်သမားမဆို ပုဒ်မ (၄၅၊ ၄၆၊ ၄၇) ကို ကျူးလွန်ပါက ဒဏ်ငွေ ၃၀၀၀၀
ကျပ် ချမှတ်သွားမည်တို့ ပါရှိကြောင်း သိရသည်။
"မေ ၉ ရက်က
အလုပ်သမားတွေက ကော်မရှင်ကို သူတို့ရဲ့ လိုအပ်ချက်တွေကို စာပို့တယ်။ အဲဒီကနေ
အလုပ်ရှင်က မကျေနပ်ဘူးဆိုပြီး အလုပ်သမားခေါင်းဆောင် ငါးဦးကို
ထုတ်ပစ်လိုက်တာကစပြီး အလုပ်သမား ၂၀၀ လောက်က ဆန္ဒထုတ်ဖော်တယ်။
နောက်အလုပ်ရှင်က ဒါကိုမကျေနပ်လို့ဆိုပြီး ထပ်ထုတ်ပစ်လိုက်တယ်" ဟု
ရှေ့နေဦးဌေးက ဆိုသည်။
မေ ၉ ရက်တွင် စာတင်၍ ထုတ်ပယ်ခဲ့သော
အလုပ်သမား ငါးဦးအား ပြန်လည်ခန့်အပ်ရန် အလုပ်သမား ၂၀၀ ကျော်မှ
ဆန္ဒပြမှုနှင့်အတူ မေ ၁၃ ရက်တွင် စာချုပ်ချုပ်ဆိုခြင်း မပါဘဲ ပြေလည်မှု
ရရှိခဲ့ပြီး မေ ၂၀ တွင် အလုပ်ရှင်က ဆန္ဒပြခဲ့သူများအား မခန့်အပ်တော့ကြောင်း
ပြောခဲ့သည်ဟု ထုတ်ပယ်ခံ အလုပ်သမားများက ဆိုသည်။
EMG
Esquare စက်ရုံရှေ့တွင် ကြေညာချက် ကပ်ထားသည်ကို တွေ့ရစဉ်