တောင်ကိုရီးယား
နိုင်ငံအတွင်းရှိ နျူကလီးယား စွမ်းအင်စက်ရုံ နှစ်ရုံတွင် တပ်ဆင်ထားသည့်
အရေးကြီးသော ထိန်းချုပ်ရေး ကေဘယ်လ်ကြိုးများသည် အတုဖြစ်နေကြောင်း စစ်ဆေး
တွေ့ရှိပြီးနောက် တောင်ကို ရီးယား အစိုးရက အဆိုပါ စက်ရုံနှစ်ရုံကို
ပိတ်ပစ်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်ဗို့အားနှင့် တွန်းအား ပြောင်းလဲမှုကို ကြံ့ကြံ့ခံနိုင်ရန်
ကေဘယ်လ်ကြိုး များကို နိုင်ငံတကာစံချိန်၊ စံညွှန်းနှင့် ကိုက်ညီမှုရှိ၊
မရှိကို အာဏာပိုင်များက စစ်ဆေးကြည့်ရာ အဆိုပါ ကေဘယ်လ်များသည်
အတုဖြစ်နေကြောင်း တွေ့ရှိပြီးနောက် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုသည် ယင်းကြိုးများ၏
အရည်အသွေးနှင့် စပ်လျဉ်း၍ လိမ်ညာ ပြောဆိုခဲ့ကြောင်း တောင်ကိုရီးယား
ကုန်သွယ်ရေးနှင့် စွမ်းအင် ဝန်ကြီးဌာနက မေ ၂၈ ရက်တွင် ပြောကြား ခဲ့သည်။စက်ရုံများ အတွင်း အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက ယင်းကေဘယ်လ် ကြိုးများသည်
ရေဒီယို သတ္တိကြွ ပစ္စည်းများနှင့် အအေးခံစနစ်ကို ပိတ်ပစ်ရာတွင် အဓိက
ပါဝင်လျက် ရှိသည်။ နိုင်ငံအတွင်းရှိ အခြားနျူ ကလီးယား ဓာတ်ပေါင်းဖို
လေးခုတွင် တပ်ဆင်ထားသည့် ကေဘယ်လ် ကြိုးများကိုလည်း စစ်ဆေးကြည့်ရာ အရည်အသွေး
ပြည့်မီခြင်း မရှိသောကြောင့် ၎င်းဓာတ်ပေါင်း ဖိုများအား ပိတ်ပစ်ခြင်း
သို့မဟုတ် ပြန်လည် ပြုပြင်ခြင်းတို့ကို လုပ်ဆောင် ရမည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ
