24 May, 2013

ထန်းဇာတာဖောက်နေဆဲ မြန်မာလူမျိုးများ


ကွန်ပြူတာဇာတာပေါ်ပေါက်နေသော်လည်း မြန်မာလူမျိုးများအနေဖြင့် ထန်းဖူးဇာတာဖောက်လုပ်သည့် ဓလေ့မှာ အသုံးပြုနေဆဲဖြစ်သည်ဟု မန္တလေးမှဗေဒင်ပညာရှင်များထံက သိရသည်။ ထန်းဖူးပေါ်၌ မိမိမွေးဖွားသည့်မွေးသက္ကရာဇ်၊မွေးဖွားရာအချိန်နှင့်နေရာကိုလိုက်၍ရာသီခွင်၊ဘာဝခွင်နှင့်န၀င်းဇာတာ
များအားအနည်းဆုံးကျပ်(၅)ထောင်မှ၊ကျပ်၂သောင်းခွဲဝန်းကျင်အထိဈေးရှိကြောင်းမန္တလေးဗေဒင်ဆရာ
အသိုင်းအ၀ိုင်းက သိရသည်။
“ဇာတာရေးကတဲ့သူတွေကတော့ ရှိနေဆဲပါ၊ လူတွေက သူတို့ရဲ့မွေးဖွားရာမြေပုံကို အလေးထားနေသမျှ ဒီလုပ်ငန်းက တိမ်ကောပပျောက်မှာ မဟုတ်ဘူး၊ ဇာတာရေးတဲ့အခါမှာလည်း ဂြိုဟ်ပုံစံ၊ အုတ်ကသစ်ကနေ ဘုရားကိုးဆူပုံ အထိ နှစ်ခေါက်သုံးခေါက်ရေးဆွဲလာကြတာလည်းရှိပါတယ်”ဟု မန္တလေးကျောက်တော်ကြီး ဘုရားမှာ ဆရာဝင်းက ပြောသည်။
ထန်းဖူးဇာတာဖောက်ရာ၌ ရေးခြစ်သူက ပိုက်ဆံသိပ်မရပဲ၊ ဇာတာခွင်ချပေးသည့် ဗေဒင်ဆရာက ပိုမို ရရှိ လေ့ရှိကြောင်းနှင့် တစ်ပတ်လျှင် ဇာတာအနည်းဆုံး(၂၀)ခု ပြုလုပ်ပေးနေရဆဲဖြစ်သည်ဟု သမီးတော် ဈေးပုဏ္ဍားစုရပ်ကွက်မှာ ဇာတာပြုလုပ်သည့် နက္ခဗေဒဆရာ
တစ်ဦးက ဆိုသည်။

မြန်မာလူမျိုးများအနေဖြင့် မိမိမွေးဖွားရာအချိန်ကို ဇာတာ၌စနစ်တကျ
တွက်ချက်၍ ဘ၀ရှေ့ရေး အဆိုး အကောင်းအကျိုးအကြောင်းကို ဇာတာစစ်ဆေးလေ့ရှိကြောင်းနှင့် အဆိုပါဇာတာများကိုလည်း အထွဋ် အထိပ်ထားရာနေရာများ၌ သိမ်းဆည်းလေ့ရှိကြောင်း အသက်(၅၀)
ဝန်းကျင်အရွယ် လူကြီးများထံက သိရသည်။

“ကိုယ်မွေးဖွားတဲ့ ခုနှစ်၊အချိန်နဲ့နေရာကို အသိအမှတ်ပြုတဲ့အနေနဲ့ ပြုလုပ်
ထားကြတာပါ၊ ဇာတာကို ကိုင်ပြီး တော့ ဗေဒင်မေးတဲ့စနစ်က မြန်မာ
လူမျိုးတွေရဲ့အစဉ်အလာလိုဖြစ်နေပြီ”ဟု မန္တလေး သမီးတော်ဈေး
ပုဏ္ဍားစုမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ကွန်ပြူတာဇာတာတစ်စောင်လျှင် ကျပ်(၅)ထောင်ဝန်းကျင်ဖြင့် ပြုလုပ်နိုင်
သော်လည်း မြန်မာလူမျိုးအများစုမှာ မိမိဘိုးစဉ်ဘောင်ဆက်များလက်ထက်
ကတည်းက ပြုလုပ်ခဲ့သည့် ထန်းဖူးပေါ်၌ ဇာတာရေးသည့်စနစ်အား လက်ရှိအချိန်အထိ အသုံးပြုနေဆဲဖြစ်ကြောင်းကိုလည်း သိရသည်။

“နက္ခတဗေဒပညာရှင်တွေက ဇာတာကိုကြည့်တွက်ချက်ပြီးတော့ မိမိရဲ့ရှေ့ဖြစ်ကို ဟောပြောကြတဲ့အတွက် ဇာတာမှာပါတဲ့ ကိန်းဂဏန်း
လေးတွေကို လူတွေက ယုံကြည်မှုတစ်ခုလို တန်ဖိုးထားနေကြတာပါ” ဟု ပုသိမ်မြို့မှ ရန်ကုန်သို့လာရောက်အလုပ်လုပ်ကိုင်နေသူ တစ်ဦးက ပြော
သည်။

ဇာတာမှောက်လျှင် ဘ၀မှောက်သည်ဆိုသည့် အယူရှိသည့်အတိုင်း အိမ်ရှိဘုရားစင်၊အိမ်ခေါင်၊ အထွဋ်အမြတ် ထားရာနေရာများ၌ ထားလေ့ရှိသည့်ဇာတာများအား ဇောက်ထိုးမိုးမျှော်မဖြစ်စေရေး အထူးအလေးထားလေ့ ရှိနေဆဲဖြစ်သည်။

ဇာတာများကို ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက စတင်အသုံးပြု
ခဲ့ခြင်းဖြစ်သည်။

Myit Makha Mediagroup