18 May, 2013

စစ်တွေနှင့် မောင်တောဒေသများမှ မုန်တိုင်းဒဏ်ရှောင်သူများ နေရပ် များသို့ ပြန်လည်ရွှေ့ပြောင်း

မေ ၁၆ ရက်တွင် ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသများသို့ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နှင့် မောင်တောမြို့နယ်တို့မှ မုန်တိုင်းဒဏ်ရှောင် ဒေသခံများ မေ ၁၇ ရက် တွင် မိမိတို့၏ နေရပ်များသို့ ပြန်လည်ထွက်ခွာနေပြီ ဖြစ်ကြောင်း သ...ိရှိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း မုန်တိုင်းဒဏ် တိမ်းရှောင်သူများ အနေဖြင့် မိမိတို့၏ နေရပ်များသို့ ပြန်လည်ထွက်ခွာရာတွင် အစိုးရမှ စီစဉ်ပေးသော ယာဉ်များဖြင့် ပြန်သူများ ရှိသကဲ့သို့ မိမိတို့၏ အစီအစဉ်ဖြင့် မိမိတို့ ပြန်ကြသည်များလည်း ရှိကြောင်း သိရသည်။

''သက်ဆိုင်ရာ အစိုးရကတော့ လာခေါ်ပေးမယ်။ ကားတွေနဲ့ ပြန်ပို့ပေးမယ်လို့ ပြောတာတွေတော့ရှိတယ်။ ဒါပေမယ့် သူတို့ ဘယ်အချိန်လာမယ်ဆိုတာ မသိတော့ ကိုယ့်ဟာကိုယ် ပြန်လာခဲ့တယ်။ သူတို့မှာလည်း အလုပ်တွေ များနေမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် မစောင့်ပဲ လာခဲ့တာပါ'' ဟု မိုးလေ၀သအနီးရှိ ကယ်ဆယ်ရေး စခန်းသို့ ပြန်လာသူ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။

မောင်တောမြို့နယ်အတွင်း မုန်တိုင်းရှောင်တိမ်းရန် ကယ်ဆယ်ရေးစခန်းများဖြစ်သော လေးမိုင် အ.မ.က ကျောင်း၊ လေးမိုင် ဆင်နှစ်ကောင်ကျောင်းတိုက်၊ သုံးမိုင်ပရဟိတ ကျောင်းတိုက် စသည့် ယာယီကယ်ဆယ်ရေး စခန်းများမှ ဒေသခံ တစ်ထောင်ကျော်သည် မိမိနေရပ်များသို့ မိမိအစီအစဉ်များဖြင့် ပြန်သွားကြပြီ ဖြစ်ကြောင်း၊ အောင်ဗလကျေးရွာမှ လေးမိုင်အမကကျောင်းတွင် ခိုလှုံနေသူ တစ်ချို့ သက်ဆိုင်ရာမှ ပြောင်းရွှေ့ပေးခြင်းကို စောင့်နေလျက် ရှိသေးကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ပြောင်းရွှေ့မှုကို သက်ဆိုင်ရာမှ မော်တော်ယာဉ်များဖြင့် စီစဉ်ပေးသွားမည် ဖြစ်ကြောင်းလည်း မေ ၁၆ ရက် ညနေ ပိုင်းက မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးမှ ပြောကြားခဲ့သော်လည်း ပြောင်းရွှေ့မှုတွင် ကျေးရွာအများစုမှ ဒေသခံအများစုမှာ မိမိ အစီအစဉ်ဖြင့်သာ ပြောင်းရွှေ့နေရကြောင်း သိရသည်။

ယင်းအပြင် မေယုတောင်ခြေ လေကွယ်ရာနေရာများရှိ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေကြသော ရွှေရင်အေး၊ ဗောဓိကုန်း၊ ခရေမြိုင်၊ ကင်းချောင်း၊ သရေကုန်းဘောင်၊ မောရ၀တီနှင့် အလယ်သံကျော်ကျေးရွာ အပါအ၀င် ကမ်းခြေကျေးရွာ ၃၀ မှ ဒေသခံများ မိမိနေရပ်သို့ ပြန်သွားနေကြပြီ ဖြစ်ကြောင်းလည်း သိရသည်။

မောင်တောခရိုင်အတွင်း မုန်တိုင်းရှောင်တိမ်းခဲ့ရသည့် ဒေသခံ ၆၀၀၀၀ ကျော်အား မေ ၁၇ ရက် နံနက်ပိုင်းမှ စတင်ပြောင်းရွေ့နေကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဒေသများတွင် မေ ၁၇ ရက် မိုးလေ၀သ အခြေအနေမှာ နေသာလျက်ရှိပြီး လေပြင်းများ တိုက်ခတ်မှု မရှိတော့သလို တောင်ကျရေ စီးဆင်းမှုမှာလည်း ပြင်းထန်မှု မရှိတော့ဘဲ ပုံမှန်အခြေအနေအတိုင်း ရှိနေကြောင်း သိရသည်။

EMG
မောင်တောမြို့နယ်တွင် မုန်တိုင်းဒဏ် ရှောင်တိမ်းပုန်းခိုသူများ မိမိတို့ နေရပ်သို့ ပြန်လာနေစဉ်