မုံရွာမြို့ မြစန္ဒာခန်းမတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဒေသဆိုင်ရာ
ရင်းနှီးမြှုပ်နှံမှု တွေ့ဆုံပွဲကို မေ ၂၈ ရက်တွင် စတင်ကျင်းပရာ မဏိပူရ်မှ
CM Manipur၊ ဒေသဆိုင်ရာ အာဏာပိုင်များ အပါအ၀င် ကာလကတ္တား၊ ပန်ဂျပ်၊
မွန်ဘိုင်း၊ အာသံအပါအ၀င် ပြည်နယ်အသီးသီးမှ ၀န်ထမ်းများ လာရောက်ခဲ့ကြောင်း
သိရသည်။"မူလစာရင်း အရကတော့ မဏိပူရ်က ပြည်နယ်ဝန်ကြီးချုပ် အပါအ၀င် အိန္ဒိယနိုင်ငံက
၁၁၅ ဦး လာရောက်တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ထပ်တိုးလာတဲ့
အိန္ဒိယနိုင်ငံသားတွေလည်း ပါတယ်။ မြန်မာနဲ့ အိန္ဒိယ ကုန်သွယ်မှုအတွက်
အထူးသဖြင့် မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ နှစ်နိုင်ငံ ကုန်သွယ်မှု
ပိုမိုတိုးတက်လာဖို့ နှစ်နိုင်ငံ ကုန်သွယ်မှုအတွက်လမ်းပန်းဆက်သွယ်ရေး၊
ကူးသန်းရောင်းဝယ်ရေး အရှိန်အဟုန် တိုးမြှင့်ကြဖို့ အဓိက ဆွေးနွေးကြတယ်" ဟု
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဒေသဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု တွေ့ဆုံပွဲတွင်
လိုက်ပါဆောင်ရွက်သူ တစ်ဦးက ပြောပြသည်။
"မြန်မာ-အိန္ဒိယ
နှစ်နိုင်ငံ ဒေသဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု တွေ့ဆုံပွဲကို မေ ၂၈ ရက်မှာ
လုပ်သလို မြို့တော်ခန်းမမှာ အိန္ဒိယ-မြန်မာ ကုန်စည်ပြပွဲကိုလည်း မုံရွာမြို့
မြို့တော်ခန်းမမှာ မေ ၂၈ ရက် နံနက်ပိုင်းမှာပဲ စတင်ပြု လုပ်ကြပါတယ်။
အိန္ဒိယ ကုန်စည်တွေ ပြသသလို စစ်ကိုင်းတိုင်းဒေသကြီးက ဒေသထွက်ကုန်တွေ စပါး၊
နှမ်း၊ နေကြာ၊ ၀ါ၊ ကြံ၊ ပီလောပီနံ၊ သရက်၊ သခွားမွှေး၊ ဖရဲသီး၊
ကြက်သွန်ဖြူနီ၊ ပြောင်းဖူး၊ ဂျုံ၊ မြေပဲအပြင် အိန္ဒိယနဲ့ နှစ်နိုင်ငံ
ကုန်သွယ်မှုမှာ ပိုမိုအရေးပါလာမယ့် ပဲအမျိုးမျိုးဖြစ်တဲ့ မြေပဲ၊ ကုလားပဲ၊
ပဲစင်းငုံ၊ ပဲတီစိမ်း၊ မတ်ပဲ၊ မြေထောက်ပဲ၊ ပဲယင်း၊ ထောပတ်ပဲ၊ ပဲလွန်း၊
စွန်တာနီပြာ၊ ပဲကြီးစတဲ့ ပဲတွေကိုလည်း အထွက်နှုန်းနဲ့တကွ ပြသနိုင်လို့
အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှု ပိုမိုအရေးပါလာမယ်လို့
မျှော်လင့်ပါတယ်" ဟု မုံရွာကုန်စည်ဒိုင် အသင်းသားတစ်ဦးက ပြောပြသည်။
EMG