27 May, 2013

ဥက္ကံပဋိပက္ခ မီးဘေးသင့်အိမ်များ မေလကုန် အပြီးတည်ဆောက်မည်

ဥက္ကံပဋိပက္ခတွင် မီးလောင်ခံရသည့် အိမ်ခြေ ၈၁ လုံးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် အလှူရှင်များ၏ အစီအစဉ်ဖြင့် ပျဉ်ထောင်အိမ်များကို မေလကုန်တွင် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်စိုး က The Voice သို့ ပြောကြားသည်။
"အိမ်တစ်လုံးကို ၁၅ သိန်းလောက် ကုန်ကျမှာပါ" ဟု ၄င်းက ထပ်လောင်း ပြောကြားသည်။
ယင်းအိမ်များသည် အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ပျဉ်ထောင်အိမ်များ ဖြစ်ကြောင်း ၄င်းထံမှ သိရသည်။
မီးဘေးသင့် ဒုက္ခသည်များသည် လတ်တလောတွင် စာသင်ကျောင်းများ၌ ရွက်ဖျင်တဲများနှင့် လည်းကောင်း၊ အချို့သည် ဆွေမျိုးများ၏ နေအိမ်တွင် နေထိုင်လျက်ရှိပြီး မူလအိမ်ကို ပြန်ဆောက်နိုင် သည့် အခြေအနေ မရှိသေးကြောင်း၊ မီးဘေးဒုက္ခသည်များကို ကူညီမှုများ ရှိသော်လည်း အဆိုပါပဋိပက္ခနှင့် ပတ်သက်၍ သံသယရှိသည်ဟုဆိုကာ ဖမ်းဆီးခံထား ရသူများ၏ မိသားစုဝင်များတွင်လည်း စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင် နေရကြောင်း ဥက္ကံမြို့၊ မြို့ခံတစ်ဦးက ပြောကြားသည်။
"ဒုက္ခသည်တွေက အခြေအနေ မဆိုးပေမယ့် အဖမ်းခံနေရတဲ့ လူတွေရဲ့ မိသားစုဝင်တွေလည်း အခက်အခဲတွေ ဖြစ်နေပါတယ်" ဟု ၄င်းကပြောကြားသည်။

ဥက္ကံမြို့တွင် ဧပြီလ ၃၀ ရက်နေ့က အသက် ၁၁ နှစ်အရွယ် ကိုရင်လေးနှင့် အမျိုးသမီးတစ်ဦး တိုက်မိပြီး ဆွမ်းသပိတ် အဖုံးကျကွဲရာမှ စတင်ခဲ့သော အဆိုပါ ပဋိပက္ခကြောင့် ပနီပင်၊ ခြောက်တဲ၊ မီးလောင်စခန်း၊ ကျွဲပုံးရွာတို့မှ အိမ် ၈၁ လုံး နှင့် ဥက္ကံမြို့ပေါ် ဗလီတစ်လုံး၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ဆိုင်ခန်း ၅၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

The Voice Weekly