30 May, 2013

ဒီပဲယင်းဖြစ်စဉ် ၁၀ နှစ်ပြည့် အခမ်းအနား ကျင်းပမည်

ဒီပဲယင်းဖြစ်စဉ် ၁၀ နှစ်ပြည့် အခမ်းအနားအတွက် ပြင်ဆင်နေသည်ကို မေ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ)
ဒီပဲယင်းဖြစ်စဉ် ၁၀ နှစ်ပြည့် အခမ်းအနားကို မေ ၃၀ ရက်တွင် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် အတွင်းရှိ ကျီရွာတွင် နံနက် ၆ နာရီ၌ သံဃာတော်အပါး ၃၀ အား ဆွမ်းကပ်လှူဒါန်းခြင်းဖြင့် စတင်ကျင်းပမည်ဟု သတင်းရရှိသည်။မေ ၃၀ ရက်တွင် ကျရောက်သော ဒီပဲယင်းဖြစ်စဉ် ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကလည်း သ၀ဏ်လွှာ ပေးပို့ထားကြောင်းလည်း သိရသည်။ ထိုအထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်ရာတွင် ပါဝင်သူဖြစ်သော NLD
ပါတီဝင် တစ်ဦးဖြစ်သူ ကိုကျော်ထွေးက "ဒီပွဲကို အထိမ်းအမှတ် တစ်ခုအနေနဲ့ ကျင်းပတာပါ။ ဒီအထိမ်းအမှတ်က ဒေါသဖြစ်ဖို့၊ အာဃာတထားဖို့ မဟုတ်ပါဘူး။ သမိုင်းသင်ခန်းစာ အတွက်ပါ" ဟု ပြောကြားသည်။
ဒီပဲယင်း ဖြစ်စဉ်တွင် ကိုယ်တိုင်တွေ့ ကြုံခဲ့ရသည့် NLD ပါတီ၏ နာယကအဖွဲ့ဝင် ဦးတင်ဦးက "ဒီကိစ္စကို မေ့လို့တော့မရဘူး။ ဘဘတို့တွေဘက်က လက်တုံ့မပြန်တဲ့အတွက် သမိုင်းမှာ အကြမ်းဖက်မှုတွေကို သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်လိုက်တဲ့ နိုင်ငံရေး အလေ့အကျင့်တွေကို ရစေချင်တယ်" ဟု Eleven Media Group ကို ပြောကြားသည်။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်က NLD ပါတီ၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဥက္ကဋ္ဌ ဦးတင်ဦး အပါအ၀င် ပါတီဝင်များ၏ အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အတွင်း ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ကျီရွာအနီးတွင် အမည်မသိ လူတစ်စုက အုပ်စုဖွဲ့ရမ်းကားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပြီးနောက် ကျူးလွန်ခဲ့သည့် တရားခံ ယနေ့အထိ ဖော်ထုတ်အရေးယူခြင်းများ မရှိဘဲ ကျူးလွန်ခံရသူများအား ဖမ်းဆီးခြင်း၊ ထောင်ချခြင်းများ ပြုလုပ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့အား နေအိမ်အကျယ်ချုပ်ဖြင့် ပြစ်ဒဏ်သတ်မှတ်ခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပအပြီး နိုင်ဝင်ဘာ ၁၃ ရက်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သည်။
ထို့နောက် လွှတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်က ဒီပဲယင်းဖြစ်စဉ်အား နောက်ကြောင်းလှန်ခြင်း မရှိတော့ဘဲ ကြေအေးခွင့်လွှတ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထိုဖြစ်စဉ်အတွင်း လူလေးဦး သေဆုံးခဲ့သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။
Eleven Media Group.