30 May, 2013

ဘူတန်တွင် ဒုတိယမြောက် ရွေးကောက်ပွဲ စတင်တော့မည်

ဟိမ၀န္တာဒေသရှိ ဘုရင်အုပ်စိုးခဲ့သော အထီးကျန်နိုင်ငံ ဖြစ်ခဲ့သည့် ဘူတန်နိုင်ငံတွင် ယခုရက်သတ္တပတ်အတွင်း ဒုတိယမြောက် အစိုးရကို ရွေးချယ်သည့် ရွေးကောက်ပွဲများ စတင်တော့မည် ဖြစ်သည်။ ဘူတန်နိုင်ငံ၏ ဗုဒ္ဓဘာသာဝင် နဂါးမင်းဆက်သည် ဒီမိုကရေစီ စနစ်ကို လမ်းဖွင့်ပေးခဲ့ပြီးနောက် ငါးနှစ်အကြာ၌ ယခုကဲ့သို့ ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသည်။
လူဦးရေ ၄၀၀,၀၀၀ ပင် မပြည့်သည့် ဘူတန်နိုင်ငံတွင် မေ ၃၁ ရက် ရွေးကောက်ပွဲ၌ ပါတီပေါင်း လေးခုမှနေ၍ အောက်လွှတ်တော်အတွက် ကိုယ်စားလှယ်များကို ရွေးချယ်ရမည် ဖြစ်သည်။ ယင်းမှတစ်ဆင့် လူကြိုက်အများဆုံး ပါတီနှစ်ခုသည် ဇူလိုင် ၁၃ ရက်တွင် အစိုးရ အဖွဲ့သစ်အတွက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အာရှတိုက်၏ အင်အားကြီး နိုင်ငံများဖြစ်သော အိန္ဒိယနှင့် တရုတ်တို့၏ အကြား၌ရှိသည့် ကုန်းတွင်းပိတ် နိုင်ငံဖြစ်သော ဘူတန်သည် ဘုရင်က အလုံးစုံ ချုပ်ကိုင်ထားသော အာဏာကို လျှော့ပေးခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်က ပါလီမန် ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲရန် ပထမဆုံး ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။
၂၀၀၈ ခုနှစ် ရွေးကောက်ပွဲတွင် ရိုးရာ အထက်တန်းလွှာမှ ကူးပြောင်းလာသူများ ပါဝင်သည့် လက်ယာဗဟိုပြု ဒီပီတီပါတီသည် အမတ်နေရာ စုစုပေါင်း ၄၇ နေရာအနက် ၄၅ နေရာ ရရှိကာ ပြိုင်ဘက်ပြည်သူ့ ဒီမိုကရက်တစ် ပါတီကို အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ ယခုနှစ်တွင် လက်ဝဲဗဟိုပြု ပါတီသစ်နှစ်ခု ပေါ်ပေါက်လာပြီး နှစ်ခုစလုံးကို အမျိုးသမီးများ ဦးဆောင်ကာ ရွေးကောက်ပွဲ ၀င်မည်ဖြစ်သည်။
ထင်မြင်ချက်ပေးသည့် စစ်တမ်းကောက်ယူမှုများကို ပိတ်ပင်ထားသော်လည်း ဖွဲ့စည်းပုံ ခိုင်မာသည့် ဒီပီတီပါတီကပင် အပြတ်အသတ် အနိုင်ရရှိ လိမ့်မည်ဟု မျှော်လင့်ထားကြသည်။ ဘူတန်တွင် ဘွဲ့ရပညာတတ်များသာ ရွေးကောက်ပွဲ ၀င်ခွင့်ရှိသည်ဟု သတ်မှတ်ထားသောကြောင့် ပါတီသစ်များ အနေဖြင့် ကိုယ်စားလှယ်လောင်းများ စုဆောင်းရန် အခက်ကြုံရသည်။ ပဉ္စမမြောက် ပါတီတစ်ခုဆိုလျှင် ကိုယ်စားလှယ်လောင်း ရှားပါးမှုကြောင့် အရည်အချင်း မပြည့်မီဟု သတ်မှတ်ခံရကာ ရွေးကောက်ပွဲဝင်ခွင့် မရခဲ့ပေ။
Ref:AFP