30 May, 2013

ပဋိပက္ခ ဖြစ်ပွားမှုများ ကူးစက်မလာစေရန် မန္တလေးတွင် လုံခြုံရေးအင်အား တိုးမြှင့်

မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် အဓိကရုဏ်း နှိမ်နင်းရေးကားများ အသင့်ပြင်ဆင် ထားသည်ကို မေ ၂၉ ရက်က တွေ့ရစဉ်
ရှမ်းပြည်နယ်၊ လာရှိုးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေများ ကူးစက်လာမှု မရှိစေရန် မန္တလေးတိုင်း ရဲတပ်ဖွဲ့ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
"မီတ္ထီလာ ပဋိပက္ခဖြစ်စဉ်ကို သင်ခန်းစာယူပြီး အခုလို ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ထားတာပါ။ အခြေအနေ အရမ်းကြီး ဆိုးရွားမှ ဆိုရင်တော့ ထိန်းသိမ်းရ ခက်ခဲပြီး စစ်တပ်အကူညီ တောင်းရတဲ့အထိ
မဖြစ်အောင် လုံခြုံရေးအင်အား အသင့်ပြင်ထားပါတယ်။ လားရှိုးပဋိပက္ခ ဖြစ်ပွားပြီး ည ၁၁ နာရီကတည်းက အဓိကရုဏ်း နှိမ်နင်းတဲ့ကားတွေ အဆင်သင့်ပြင်ထားတာ" ဟု ရဲမှူးဦးစိုးငြိမ်းက ပြောကြားသည်။
ပုံမှန်လုံခြုံရေး အင်အားအပြင် မိတ္ထီလာ ပဋိပက္ခအပြီး ဖွဲ့စည်းထားသည့် မြို့နယ်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီမှလည်း မြို့နယ်အလိုက် ကော်မတီများ ဖွဲ့စည်းထားရှိကာ ကောလဟာလများ ဖြစ်ပွားခဲ့ပါက ပြန့်ပွားမှု မရှိစေရန် အဆိုပါ ကော်မတီ အဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခြေအနေတွင် တိုင်းရဲတပ်ဖွဲ့မှူး ရုံးရှေ့တွင် အဓိကရုဏ်း နှိမ်နှင်းရေးကားများ အဆင်သင့်ထားရှိကာ လုံခြုံရေးအင်အား အသင့်ပြင်ဆင်ထားသည်။
"၂၈ ရက်နေ့ကလည်း ရမည်းသင်းမှာ လူ ၂၀ လောက် စုဝေးမှု ဖြစ်ပွားခဲ့တဲ့ ကောလာဟလတစ်ခု ဖြစ်ခဲ့သေးတယ်။ ဒါကြောင့်မို့ မန္တလေးမှာ အဲဒီလိုမျိုးတွေ ဖြစ်မလာအောင် အထူးဂရုစိုက်ပြီး ဆောင်ရွက်နေတာပါ" ဟု ရဲမှူးဦးစိုးငြိမ်းက ပြောကြားသည်။
Eleven Media Group