22 May, 2013

မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံအား စကားပါး

မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မေ ၂၁ ရက်တွင် လွှတ်တော်အတွင်း ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် တရုတ်နိုင်ငံသို့ စကားပါးလိုက်ကြောင်း သိရသည်။
မီဒီယာ တွေ့ဆုံပွဲတွင် Eleven Media Group မှ "တရုတ်သံရုံးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေက အန်တီတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့တွေ့ရင် မြစ်ဆုံပြန်စဖို့ တောင်းဆိုလေ့ ရှိတယ်လို့ သိရပါတယ်။ အဲဒီတောင်းဆိုမှုတွေအပေါ် အန်တီအနေနဲ့ ဘယ်လိုသဘောထား ရှိပါသလဲ" ဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ကိစ္စများ ဆောင်ရွက်ရာတွင် ယခုထက် ပိုမိုပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ကြောင်း . . . . .

ဒေါ်အောင်ဆန်းစုကြည်က "အန်တီပြောချင်တာက တကယ်တော့ မြစ်ဆုံနဲ့ ပတ်သက်လို့ရှိရင် သမ္မတကြီးကိုပဲ ပြောဖို့ ရှိပါတယ်။ အန်တီတို့ အန်အယ်ဒီကိုပဲ ဘာဖြစ်လို့ လာပြောနေမှန်းကို အန်တီ မသိဘူး။ သမ္မတကြီးကိုပဲ ပြောရမှာပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ကော်မရှင်ထံသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြင်ဆင်လိုသည့် အချက်များကို တင်သွင်းရန်ရှိကြောင်း၊ လက်ရှိနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ကိစ္စများ ဆောင်ရွက်ရာတွင် ယခုထက် ပိုမိုပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ကြောင်း၊ တရားစီရင်ရေး မဏ္ဍိုင်တွင် အုပ်ချုပ်ရေးပိုင်းမှ ၀င်ရောက်စွက်ဖက်မှုကြောင့် ယိမ်းယိုင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် အမေရိကန်သမ္မတ အိုဘာမား ပြောသကဲ့သို့ နိုင်ငံတိုးတက်မှု အားမကောင်းသော်လည်း တိုးတက်မှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားခဲ့သည်။

Eleven Media Group