21 May, 2013

ဂျပန်မှ တာဝန်ယူတည်ဆောက်မည့် မြန်မာ့ဆက်သွယ်ရေးကွန်ယက်

Sumitomo Corporation၊ NEC Corporation နှင့် NTT Communications Corporation တို့ ပူးပေါင်း၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPTနှင့် မေလ ၁၄ ရက်နေ့ တွင် “ အရေးပေါ်ဆက်သွယ်ရေးကွန်ယက်များ ကောင်းမွန်စေရေး အစီအမံ “ အတွက် အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်ဟု Sumitomo Corporation က မေ(၂၁)ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ ဤအစီအစဉ်မှာ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ပြုပြင်ပြောင်းလဲမှုများအတွက်တရားဝင်အကူအညီပေးရေး ပေါ်လစီ၏ ပထမဦးဆုံး စီမံကိန်း ဖြစ်သည်။

အဆိုပါစီမံကိန်း၌ အချက်အလက်လွှဲပြောင်းမှုကို 30 Gbps အထိ ပြုလုပ်နိုင်သော မြန်နှုန်းမြင့် ဖိုင်ဘာ ဆက်ကြောင်းများ ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်အကြား တပ်ဆင်ရေး၊ မိုလ်ဘိုင်းဖုန်းများအတွက် 4G (LTE)ကွန်ယက်များ တည်ဆောက်ပေးရေးနှင့်အဆိုပါ ဆက်သွယ်ရေး ကွန်ယက်တွင် အထိုင်ဖုန်းများပါ ပါဝင်ကာ မြို့တစ်မြို့တွင် အင်တာနက်မြန်နှုန်း 10 Gbps အထိ သုံးစွဲနိုင်မည်ဖြစ်သည်။

အဆိုပါဆက်သွယ်မှုကွန်ယက်တစ်ခုလုံးတွင်4G(LTE) အသုံးပြုသူပေါင်း လေးသောင်းခန့်၊အထိုင်ဖုန်း ၁ သန်းခွဲခန့်နှင့် အင်တာနက် အသုံးပြုသူ ၁ သန်းခန့် အသုံးပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။

မိုလ်ဘိုင်းဖုန်းများအတွက် 4G ကွန်ယက်ကို မြို့ကြီးသုံးမြို့တွင် LTE အခြေစိုက်စခန်းပေါင်း (၅၀)ခန့် ထားရှိ၍ အထောက်အကူ ပြုလုပ်မည် ဖြစ်သည်။ အဆိုပါ ဆက်သွယ်ရေးကွန်ယက်ကို ၂၀၁၃ နိုဝင်ဘာတွင် အပြီးသတ်ရန် ရည်မှန်း၍ ပြုလုပ်နေကြောင်း သိရှိ ရသည်။

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို အကူအညီပေးရေး အစီအစဉ်အရ Japan International Corporation Agency (JICA)မှ ယန်း ၁.၇၁ ဘီလီယံခန့် အကူအညီပေးမည်ဟု ဒီဇင်ဘာ (၁၂)ရက် ၂၀၁၂ ခုနှစ်တွင် ကတိပြုခဲ့သည်။ ယခု ဆက်သွယ်ရေး ကွန်ယက်တည်ဆောက်ရေးအတွက် အဆိုပါ ရန်ပုံငွေအတွင်းမှ အသုံးပြုသွားမည်ဖြစ်သည်။

myitmakhamediagroup.com