15 May, 2013

ဖာဘရီဂက်စ်ကို အံ့ဩဖွယ် ကမ်းလှမ်းလာဖွယ် ရှိနေသည့် မန်ယူ

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဘာစီလိုနာ ကွင်းလယ် ကစားသမား ဆက်စ်ဖာဘရီဂက်စ်ကို အံ့အားသင့်ဖွယ် ကမ်းလှမ်းမှုမျိုး ပြုလုပ်လာဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။
အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း ကွင်းလယ် ဖန်တီးရှင်သည် ယခုအခါ မန်ယူအသင်း၏ စောင့်ကြည့်စာရင်းတွင် ပါဝင်နေကြောင်း Evening Standard က ထုတ်ဖော် ရေးသားလာခဲ့သည်။ စပိန်လက်ရွေးစင် ကစားသမားသည် ၎င်း၏ ငယ်ဘဝ အသင်းဟောင်းတွင် ပွဲထွက်နေရာအတွက် ရုန်းကန်နေရသည့်နောက် ပရီးမီးယားလိဂ်သို့ ပြန်ရန် စိတ်ဝင်စားဖွယ် ရှိနေကြောင်း၊ သို့သော်လည်း ၎င်း၏ လားရာသည် အာဆင်နယ်ထက် မန်ယူ ဖြစ်လာဖွယ် ရှိနေကြောင်း ဗြိတိန် သတင်းဌာနများက ဖော်ပြခဲ့သည်။

အကယ်၍ ဖာဘရီဂက်စ်သာ မန်ယူအသင်းသို့ ရောက်ရှိလာပါက မန်ယူအသင်း မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်အတွက် အလွန်အထောက်အကူ ပြုမည့် အားဖြည့်မှုမျိုး ဖြစ်လာဖွယ် ရှိနေသည်။ လတ်တလောတွင် မန်ယူအသင်းသည် ရီးယဲလ်မက်ဒရစ်ရောက် ၎င်းတို့၏ အသင်းသားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုလည်း ချိတ်ဆက်လျှက် ရှိသည်။ မန်ယူအသင်းသည် ဖာဘရီဂက်စ်ကို ပေါင်စတာလင် သန်း(၂၀) ဝန်းကျင်ဖြင့် စာချုပ် ခေါ်ယူနိုင်ရန် မျှော်လင့်နေကြောင်း သိရှိရသည်။ အသက်(၂၆)နှစ်ရှိ ကစားသမားသည် ဘာစီလိုနာတွင် ပွဲထွက် (၁၁)ယောက် စာရင်း၌ ပါဝင်ခွင့် မရခဲ့သလို ကွင်းလယ် ဖန်တီးရှင် နေရာထက် ယောင်ပြတိုက်စစ်သမား နေရာတွင် ကစားနေရခြင်းကို အတန်ငယ် စိတ်ပျက်နေကြောင်းလည်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

soccermyanmar