စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိမြေနေရာအချို့ကို နိုင်ငံတော်အတွက် လိုအပ်သည့် နေရာများတွင်
အသုံးပြုသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။''ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့ ဌာနပိုင် မြေနေရာတွေ ကို
နိုင်ငံတော်အတွက် လိုအပ်တဲ့နေရာမှာ အသုံးပြုသွားမယ်။ trade
center၊commodity center တွေဖွင့်လှစ်ဖို့အတွက် မြေနေရာ လိုအပ်တာကိုလည်း
ဌာနပိုင်မြေတွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်'' ဟု လည်း ပြည်ထောင်စုဝန်ကြီး
ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
လက်ရှိကာလ၌ ရန်ကုန်မြို့
မင်းရဲကျော်စွာလမ်းနှင့် ခရေပင် လမ်းထောင့်ရှိ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်း
ရောင်းဝယ်ရေးဝင်းအတွင်း အဆောက်အအုံ ၁၉ လုံးကို လေလံစနစ်ဖြင့်
ရောင်းချခဲ့ကြောင်း သိရှိရသည်။
လေလံတင် ရောင်းချခဲ့သည့် အဆောက်အအုံများ နေရာ၌ အနောက်ပိုင်းခရိုင် တရားရုံးနှင့် အနောက်ပိုင်းခရိုင် ဥပဒေရုံးများ
ပြန်လည်တည်ဆောက်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ
မြေနေရာသည် မြေဧက ၂ ဒသမ ၅၈၈ ဧက ကျယ်ဝန်းကြောင်းလည်း မြန်မာ့လယ်ယာ
ထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး ၀င်းအတွင်းမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားခဲ့သည်။
''ဒီဝင်းထဲက အဆောက်အအုံတွေ နေရာမှာ
ကမ်းနားလမ်းနဲ့ ပန်းဆိုးတန်း လမ်းထောင့်က အနောက်ပိုင်းခရိုင် တရားရုံး
ပြောင်းရွှေ့ဖို့အတွက် ရုံးတည်ဆောက်သွားမှာ ဖြစ်ပါတယ်။ အမြန်ဆုံး အကောင်အထည်
ဖော်နိုင်ဖို့ ဆောင်ရွက်နေပါတယ်'' ဟု မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး ၀င်းအတွင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးကလည်း
''အရန်ဆန်ဝယ်တဲ့အခါ အရန်ဆန်ထားဖို့အတွက် ဂိုဒေါင်တွေ လိုအပ်ပါတယ်။
လက်ရှိအသုံးပြုနေတဲ့ နေရာတွေနဲ့တင် မလုံလောက်ပါဘူး။ ဂိုဒေါင်တွေ
ထပ်ဆောက်ဖို့လိုမယ်။ အဲဒီအတွက်လည်း မြေနေရာ လိုအပ်နေပါတယ်'' ဟု
ပြောကြားခဲ့သည်။
မင်းရဲကျော်စွာလမ်းပေါ်ရှိ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်
(UMFCCI) ဘေးရှိ သိုလှောင်ရုံများ ထားရှိရာ နေရာတွင် ဗဟိုကုန်သွယ်
ရောင်းဝယ်ရေး စင်တာတစ်ခု တည်ဆောက် အကောင်အထည် ဖော်သွားရန်
စီစဉ်ထားကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ
သိရှိရသည်။
Eleven Media Group
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စီးပွား/ကူးသန်း ၀န်ကြီးဌာနပိုင် ဂိုထောင်များကို တွေ့ရစဉ်