12 May, 2013

ဖားကန့်မှ ကျောက်အဝင်နည်းသော်လည်း မဟာအောင်မြေကျောက်ဝိုင်း အရောင်းအဝယ် ပြန်ကောင်းလာ

မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းဟာ ကျောက်စိမ်း ဈေးကွက် အရောင်းအဝယ် ပြန်ကောင်းလာတယ် လို့ ကျောက်ကုန်သည်များ ထံမှ သိရှိရပါတယ်။

... ပြည်တွင်း ကျောက်သမားတွေရော နိုင်ငံခြားကျောက်ကုန်သည်တွေပါ လူစုံရောက်လာတော့ အရောင်းအဝယ်ကောင်းလာတယ် ။ ပြည်ပကျောက်ကုန်သည်တွေ ဆင်းလာတာကြောင့် ကျောက်သမားတွေလည်း ရှိတဲ့ကျောက် ထုတ်ရောင်းကြတယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတော့ အခုရက်ပိုင်း အရောင်းအဝယ် ကောင်းတယ်လို့ ဆိုရမယ် ဟု ဦးသန်းဌေးက ပြောပါတယ်။

ကျောက်ဝိုင်းမှာ အပွင့်လိုင်း လက်ကောက်လိုင်း လွှာချပ်လိုင်း ပုတီးလိုင်း စတဲ့ အောက်ကျောက်နဲ့ အလယ်အလတ် ကျောက်တွေသာ အရောင်းအဝယ် ဖြစ်ပြီး တန်ဖိုးကြီးတဲ့ ကျောက်ကောင်းတွေက အထွက်နည်းနေပါတယ်။

သင်္ကြန်မတိုင်ခင်က ကျောက်အရောင်းအဝယ်ကောင်းမယ် ထင်ထားတာ ကောင်းမလာခဲ့ဘူး ၊ သင်္ကြန်ပြီးတော့ လည်း ကောင်းမလာပြန်ဘူး ၊ နှစ်စဉ် ကျောက်ဝိုင်းရဲ့ သဘောကိုက ၅ လပိုင်း ၊ ၆ လပိုင်း တွေ ဆိုရင် အရောင်းအဝယ် ကောင်းလာ တတ်တယ် လို့ မဟာအောင်မြေကျောက်မျက် ရတနာ ရောင်းဝယ်ရေး စခန်းမှ ဒုဥက္ကဌ ဦးဇော်ဇော် က ပြောပါတယ် ။

ကျောက်ဝိုင်းမှာ ဖားကန့် မှ ကျောက်အဝင် နည်းတာကြောင့် ကျောက်ရှားတဲ့ ပြဿနာ ကို ကျောက်သမားများ ကြုံတွေ့နေရပါတယ် ။

ပိုင်လင်းအောင်
မြန်မာဓိက